Swe English
Slow English Podcast
04/09/2018
ဘာသာပြန်အတွေး ဘာသာပြန်အရေး -အပိုင်း(၁)
ဘာသာပြန်အတွေး ဘာသာပြန်အရေးဆိုတဲ့ အကြောင်းအရာကို ရေးရမယ်ဆိုရင် ဖော်ပြရမယ့် အချက်တွေများတဲ့အတွက် အပိုင်းလိုက်ခွဲပြီးဖော်ပြသွားပါမယ်။ ကျမရဲ့ အတွေ့အကြုံအရေ ပြောရရင် အတွေးနဲ့ အရေး ညီမျှအောင် ပုံဖော်နိုင်မှုသည် ဘာသာပြန်တစ်ယောက် အတွက် အဓိက အတားအဆီးတစ်ခုလို့တောင် ဆိုချင်ပါတယ်။
ကျမတို့အနေနဲ့ စာတစ်ကြောင်း (သို့မဟုတ်) အကြောင်းအရာ တစ်ခု ကို ဘာသာပြန်တော့ မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ အတွေးကနေစကြရပါတယ်။ စာကိုဖတ်လိုက်တယ်။ နားလည်မှုကိုတွေးတယ်။ ပြီးမှ ချရေးတယ်။ ဒါကြောင့် ကျမတို့ အနေနဲ့ အတွေးမှန်ဖို့ အရေးကြီးပါတယ်။ အတွေးမှန်မှ အရေးမှန်မယ်။ ဆိုလိုတာက စိတ်ထဲကဘာသာပြန်တဲ့အချက်ကို ချရေးတဲ့ အခါ မှန်မယ်ပေါ့။ အဲတော့ကျမတို့ ဘယ်လိုစတွေးကြသလဲ။ ဘယ်လိုစတွေးကြမလဲ။ သိဖို့လိုပါပြီ။
မိမိတို့ ပတ်ဝန်းကျင် လူ့လောကကြီးမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ ယှဉ်ပြီးတွေးနိုင်ဖို့လိုပါတယ်။ ဆိုလိုတာက လက်တွေ့သဘောကို စာဖတ်သူနားလည်စေဖို့ လူ့ပတ်ဝန်းကျင်က အကြောင်းအရာတွေကို သဘာဝကျကျကူးယူဖော်ပြရမှာ ဖြစ်တဲ့အတွက် လူတွေလုပ်လေ့ လုပ်ထရှိသော အကြောင်းအရာ သဘာဝကျတဲ့ အကြောင်းအရာ တွေကို အခြေခံတွေးရပါမယ်။ အတွေးကို စာနဲ့ချရေးရမှာဖြစ်တဲ့ အတွက် စကားလုံးအားဖြင့် ဒီအတွေးကို ဘယ်လိုဖလှယ်ပြီး စာဖတ်သူရဲ့ စိတ်ထဲထိ အထိရောက်ဆုံး ဘယ်လို ပုံဖော် ပြသမလဲ ဆိုတာကိုတွေးပြီး ရေး သားဖော်ပြရမှာဖြစ်ပါတယ်။
ဒါဆိုရင် ဖော်ပြပါ အတွေးနဲ့ အရေးနှစ်ခုလုံးကို ဟန်ချက်ညီညီလုပ်ဆောင်နိုင်ဖို့ နဲ့ အချက်ကျကျ ဖော်ပြနိုင်ဖို့အတွက် တစ်ဖက်မှာ လူ့ဘ၀အတွေ့အကြုံ ကို လက်တွေ့ (သို့မဟုတ်) စာတွေ့သိထားမှ သာ အတွေးပိုင်းမှာ ပိုမိုတွေးနိုင်သလို စာများများဖတ်ထားမှသာ အရေးပိုင်းမှာ ပိုမို ရုပ်ကြွတဲ့ စကားလုံးများကို ထည့်သွင်း၍ဘာသာပြန်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုတွေးတဲ့အခါမှာလည်း မိမိဘာသာပြန်ရမယ့် စာမူအမျိုးအစား ၊ စာမူကို အသုံးပြုမယ့် စီးပွားရေးနယ်ပယ်အလိုက် ပြောင်းလဲတွေးတောနိုင်ဖို့ ယှဉ်ထိုးတွေးခေါ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် နည်းပညာပိုင်း၊ ဆောက်လုပ်ရေးပိုင်း၊ မီဒီယာပိုင်း စသည်စသည်ဖြင့် လိုအပ်သလို တိကျခိုင်မာမှုများကိုလည်း ထည့်သွင်း ဘာသာပြန်နိုင်ပါမှ လူသားအကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဘာသာရပ်နယ်ပယ် အသီးသီးမှာရှိတဲ့ ပညာရှင်များကလည်း ဘာသာပြန်ပညာကို လေ့လာပြီး နောင်လာနောင်သားတွေကို ပညာတွေမျှဝေစေချင်ပါတယ်။ ကျန်းမာရေးနဲ့ ဆေးပညာတွေကို ဆရာဝန်က ဘာသာပြန်မှ ပိုမိုမှန်ကန်မှာဖြစ်သလို၊ ဆောက်လုပ်ရေးပညာကို ဆောက်လုပ်ရေးနည်းပညာရှင်များက ဘာသာပြန်နိုင်မှသာ ပိုမိုထိရောက်ပါလိမ့်မယ်။
ကျမအနေနဲ့လည်း အခု ဘာသာပြန်သူ၊ စာရေးသူတစ်ယောက်အနေနဲ့ ပိုမို အသက်ဝင်တဲ့ ဘာသာပြန် စာကောင်းပေမွန်တွေကို ထုတ်လုပ်နိုင်ဖို့ အတွေးပိုင်းရော အရေးပိုင်းအတွက်ပါ လေ့လာနေရဆဲပါ။
ဆက်လက်ဖော်ပြပါမည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon