Connect Burma
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Connect Burma, Media/News Company, Kamayut township, Yangon.
11/06/2026
ရန်ကုန်မှာ အင်အား အသင့်အတင့်ရှိ မြေငလျင်တခုလှုပ်ခတ်
Connect Burma | ဇွန် ၁၁
ဒီကနေ့ (ဇွန် ၁၁ရက်) နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်က ရန်ကုန်တိုင်း၊ တွံတေးမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄.၀ မဂ္ဂနီကျူ အဆင့်ရှိ အင်အားအသင့်အတင့်မြေငလျင်တခု လှုပ်ခတ်ခဲ့ပြီး ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ပေါ်က တချို့မြို့နယ်တွေမှာ သိသိသာသာခံစားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁၂နာရီ ၁၅မိနစ်အချိန်ခန့်မှာ တွံတေးမြို့အနီး မြေအောက် အနက် ၁၀ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အား ရစ်ချတာစကေး ၄အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
ဒီငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ပေါ်က သာကေတ၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လသာ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းနဲ့ကမာရွတ်မြို့နယ်တွေအပါအဝင် မြို့နယ်တချို့မှာ သိသိသာသာ ခံစားရတယ်လို့ ဆိုပါတယ်။
ဒီငလျင်လှုပ်ခတ်မှုကြောင့် မြို့နယ်တချို့က အထပ်မြင့်တိုက်ခန်းတွေပေါ်မှာ နေထိုင်တဲ့ပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး လမ်းမတွေပေါ် ဆင်းပြေးခဲ့ရတယ်လို့လည်း မြို့ခံတဦးက ပြောပါတယ်။
10/06/2026
ရန်ကုန်မှာ အမေရိကန် သံတမန်တစ်ဦး သေဆုံးမှု US အစိုးရ အတည်ပြု
Connect Burma၊ ဇွန် ၁၁
ရန်ကုန်၊ အမေရိကန်သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သံတမန်တစ်ဦး သေဆုံးမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း အေပီ သတင်းဌာန က ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ သံတမန် သေဆုံးမှုကို အတည်ပြုခဲ့သော်လည်း သေဆုံးမှု နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကိုတော့ ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်။
ကျန်ရစ်သူ မိသားစုကို စာနာတဲ့အနေနဲ့ သေဆုံးသူ ဘယ်သူဝါ ဖြစ်တယ်ဆိုတာကို ပြောဆိုဖို့ ငြင်းဆန်တာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနကဆိုပါတယ်။
ရန်ကုန်ရှိ သံတမန်အသိုင်းအဝိုင်း က တာဝန်ရှိသူ သုံးဦးရဲ့ပြောကြားချက်အရ အဆိုပါ အမေရိကန် သံတမန်သေဆုံးမှု နဲ့ပတ်သက်ပြီးထိုင်း နိုင်ငံသူတစ်ဦးကို မြန်မာ ရဲတွေ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မြန်မာ ရဲတွေ အနေနဲ့ အဆိုပါ အမှုကို လူသတ်မှုအဖြစ်ယူဆ နေတယ်လို့လည်း အမည်မဖော်လိုတဲ့ ရန်ကုန် သံတမန်အသိုင်းဝိုင်းဆီကစုံစမ်းသိရှိရကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။
အမေရိကန် သံတမန်ကို လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က အမေရိကန်သံရုံး နဲ့ အကွာက ဟိုတယ်တစ်ခုမှာသေဆုံး နေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထိုင်းအမျိုးသမီးအတွက် အကူအညီများ ပေးအပ်ထားပြီး သူရဲ့ မိသားစုထံကို လည်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
10/06/2026
ရေပြာရဲစခန်းနဲ့ ကုက္ကိုစုပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့ Operation Su စစ်ဆင်ရေးမှာ ပြည်သူ ၂၀၀ကျော်ကယ်တင်နိုင်ခဲ့တယ်လို့ မကွေး PDFထုတ်ပြန်
Connect Burma | ဇွန် ၁၀
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ရေပြာရဲစခန်းနဲ့ ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ Operation Su စစ်ဆင်ရေးအတွင်း အရပ်သား ပြည်သူ ၂၀၀ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ မကွေး PDFက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ဆင်ရေးအတွင်း စစ်အုပ်စုရဲ့ အတင်းအဓမ္မ လူသားတံတိုင်းအဖြစ် ခိုင်းစေခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေး သူငယ်အပါအဝင် ပြည်သူ ၂၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
မကွေးPDFက ဒေသတွင်း တော်လှန်ရေး မဟာမိတ် အင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ မနက်အစောပိုင်းက Operation Su စစ်ဆင်ရေးအဖြစ် ပေါက်မြို့နယ်အတွင်းက ရေပြာရဲစခန်းနဲ့ ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းတို့ကို တပြိုင်နက်ထဲ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ဇွန်လ ၂ရက်နေ့ နေ့လည်ပိုင်းမှာတော့ ရေပြာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန်လ ၄ရက်နေ့ ညနေပိုင်းမှာတော့ ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကလည်း ဒီစစ်ဆင်ရေးကို "Operation 9" အမည်ပေးထားပြီး စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်က အလောင်း ၃၀ကျော်ရရှိကာ ရဲနဲ့ ပြည်သူ့စစ် (ပျူစောထီး)တပ်ဖွဲ့ဝင် ၆၅ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး ၆ဦးအလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျေးရွာနေပြည်သူပေါင်း ၂၄၆ဦးကိုလည်း ထိန်းသိမ်းနိုင်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး ၄ လက်၊ ကျည်မျိုးစုံ ၃၄၆၅ တောင့် နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းပိုက် ရရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။
10/06/2026
ပခုက္ကူမြို့နယ်က မြစ်ခြေ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်
Connect Burma | ဇွန် ၁၀
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက အာဏာသိမ်း စစ်အုပ်စုလက်အောက်ခံ မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDFတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့ (ဇွန်လ ၁၀ရက်) မနက် ၄နာရီ အချိန်ခန့်က ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က ပခုက္ကူခရိုင် စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PDFစစ်ရုံးချုပ်က ဆိုပါတယ်။
အခုလို တိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားချိန် ၁နာရီခန့်အကြာ မနက် ၅နာရီမှာ အဆိုပါ ရဲစခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၂ ဦး သေဆုံးပြီး ၁၄ ဦး စစ်သုံ့ပန်းအဖြစ် လက်နက်ချ အဖမ်းခံခဲ့ကာ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုထံက G-3သေနတ် ၁၈လက်၊ 79 ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ လက်လုပ် လေသေနတ် ၁ လက်၊ ကျည်ကာ ဦးထုပ် ၇လုံးနဲ့ G-3 ကျည် ၁၉၀၈ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ PDFတွေဘက်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်က ပခုက္ကူခရိုင်၊ မြစ်ခြေမြို့က ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦးပေါင်း ၁၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး အတည်ပြုနိုင်သမျှ ပြည်သူ ၂၄ဦး ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို မြစ်ခြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်တုန့်ပြန်ခြေမှုန်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
10/06/2026
သက်ရှိမြစ်များအတွက် တရားမျှတမှု
ဉာဏ်မှတ်စု
တရားမျှတတဲ့ လူ့ဘောင်ကို ဖော်ဆောင်ရာမှာ လူတွေအချင်းချင်းကြားက “လူမှုရေးရာတရားမျှတမှု” အပြင် လူသားတွေ မှီခို နေထိုင်ရာ မြေကမ္ဘာအပေါ်မှာပါ တရားမျှတမှုရှိ၊ မရှိ ဆိုတဲ့ အချက်ကပါ အရေးတကြီး သုံးသပ်စရာ ဖြစ်လာပါတယ်။
အကြောင်းမှာ ဂေဟရပ်ဝန်းတွေကို အရင်းရှင်စနစ်က ကုန်ကြမ်းထုတ်ယူရာ သက်မဲ့ပစ္စည်းအဖြစ် အသွင်ပြောင်း ဖျက်ဆီးလာခဲ့တာ ဆယ်စုနှစ်များစွာကြာရှည်ခဲ့တဲ့ အလျောက် နောက်ဆက်တွဲ ရလဒ်ဖြစ်တဲ့ ဥတုရာသီကပ်ဘေးတွေကို ပိုမိုဆိုးရွားပြင်းထန်တဲ့ ပုံစံမျိုးစုံနဲ့ ပေါ်ပေါက်လာတာ အားလုံးမျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ဒီလိုကပ်ဘေးတွေကို သာမန်လက်လုပ်လက်စားလူတန်းစားနဲ့ သဘာဝဂေဟကို အမှီပြုရှင်သန်နေကြရတဲ့ ဂေဟလူသားတွေ (ecosystem people) ကသာ ရှေ့ဆုံးက ခါးစည်းခံစားနေကြရတာပါ။
ဒါကြောင့် လူနဲ့ ဂေဟကြားက တရားမျှတမှုကို မဖော်ဆောင်နိုင်ဘဲ တရားမျှတတဲ့လူဘောင်ကို ဘယ်လိုနည်းနဲ့မျှ ရနိုင်မှာ မဟုတ်ကြောင်းကို ဌာနေတိုင်းရင်းသားအခွင့်အရေးတတ်ကြွလှုပ်ရှားသူတွေ၊ တောင်သူလယ်သမားဘဝ မျှတရေး တိုက်ပွဲဝင်နေသူတွေ၊ ရာသီဥတုဆိုင်ရာတရားမျှတမှု တောင်းဆိုနေသူတွေက ပြင်းပြင်းထန်ထန် သတိပေးလာကြပါတယ်။
သမိုင်းကို ပြန်ကြည့်ရင် လူတွေမှာတင် လူ့အခွင့်အရေးရှိသင့်တာမဟုတ်ဘဲ သဘာဝတရားမှာလည်း ကိုယ်ပိုင်အခွင့်အရေးရှိတယ်ဆိုတာကို ကျယ်ကျယ်လောင်လောင်စတင်ပြောကြားခဲ့တာဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းကပါ။
နောက်ကြောင်းပြန်ကြည့်ရင် Walt Disney ကုမ္ပဏီက နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခု ဆောက်ဖို့ စီမံကိန်းချခဲ့ဖူးပါတယ်။ အဲဒီပရောဂျက်ဆောက်မယ့်နေရာမှာ နှစ်ပေါင်း တစ်ထောင် သက်တမ်းရှိတဲ့ ဆီကွိုင်းယား (Sequoia) အပင်ကြီးတွေ ရှိနေတာကြောင့် ဒီနှစ်ရှည်ပင်ကြီးတွေကို ခုတ်ပစ်ဖို့ လိုလာပါတယ်။
ဒါကို Sierra Club ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး NGO အဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။ သူတို့က တရားရုံးမှာ အမျိုးသားဥယျာဉ်ဆိုင်ရာ ဖက်ဒရယ်ဥပဒေတွေကို ကိုးကားပြီး Disney ရဲ့ စီမံကိန်းကို တိုင်ကြားခဲ့ပါတယ်။
ဒါပေမဲ့ တရားရုံးဘက်က “ဒီအပင်တွေဟာ (တရားလိုအဖွဲ့) Sierra Club က ပိုင်တာ မဟုတ်တဲ့အတွက် ဒီအဖွဲ့မှာ တရားစွဲဆိုခွင့် (သို့) အကျိုးစီးပွား သက်ဆိုင်မှု မရှိဘူး” လို့ဆိုက အမှုကို ပယ်ချခဲ့ပါတယ်။
အဆိုပါ အမှုနဲ့ပတ်သက်ပြီး ဥပဒေပါမောက္ခ Christopher Stone က “ဒီအပင်တွေဟာ သူတို့ကိုယ် သူတို့ ကာကွယ် ရပ်တည် ဖွင့်ဟ ပိုင်ခွင့် ရှိသင့်တယ်” လို့ ၁၉၇၂ ခုနှစ်က တုံ့ပြန်ခဲ့ပါတယ်။
ဒီအချိန်ကစလို့ ကုမ္ပဏီကြီးတွေရဲ့ အကျိုးအမြတ်ကိုသာ အများဆုံးကာကွယ်ပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေတွေကြားမှာ လူမဟုတ်တဲ့ အခြားဘဝတွေရဲ့ တရားမျှတမှုကို တောင်းဆိုနိုင်ဖို့ သဘာဝတရားရဲ့ အခွင့်အရေး (Rights of Nature- RoN) ဆိုတာကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။
ဒါပေမဲ့ ၂၀၀၈ ခုနှစ်မတိုင်ခင်အထိ လက်တွေ့ဥပေဒေလုပ်ထုံးလုပ်ငန်းစဥ◌်တွေမှာ မကျင့်သုံးနိုင်ကြသေးဘဲ အမေရိကန်ပြည်ထောင်စုက ပြည်နယ်အနည်းငယ်မှာပဲ အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ ပညာရှင် Hermitte ကလည်း လက်ရှိသဘာဝပတ်ဝန်းကျင် ဥပဒေတွေဟာ (လူမဟုတ်တဲ့) အခြားသောဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်ဖို့ အားနည်းနေတာကို ထောက်ပြခဲ့ပြီး သူတို့ကိုလည်း “မိမိတို့ ကိုယ်ပိုင်အခွင့်အရေးကို ရပိုင်ခွင့်နဲ့ ရပ်တည်ပိုင်ခွင့် ရှိသူတွေ အဖြစ်” တရားဝင် အသိအမှတ်ပြုပေးဖို့ အကြံပြုခဲ့တယ်။
ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးမှုသက်သက် နောက်ကိုသာ လိုက်ရင်း သဘာဝအပေါ် အာဏာရှင်မဆန်သွားဖို့နဲ့ သဘာဝတရားရဲ့ အကန့်သတ်ကို သတိပြုကြဖို့ သူမရဲ့ တိုက်တွန်းချက်ဟာ ဒီကနေ့အထိ အရေးပါနေဆဲပါ။
■ အပြောင်းအလဲနဲ့ လက်တွေ့ဖြစ်ရပ်များ
၂၀၀၈ ခုနှစ်မှာ အီကွေဒေါနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုခဲ့ပါတယ်။ အဲဒီမှာ ဒေသခံတွေရဲ့ “Pacha Mama” (မိခင်ကမ္ဘာမြေ) ဆိုတဲ့ အယူအဆကို “သဘာဝတရားရဲ့ ရပိုင်ခွင့်များ” အခန်းအောက်မှာ ထည့်သွင်းခဲ့ပါတယ်။ ဒီနည်းနဲ့ သဘာဝတရားရဲ့ ရပိုင်ခွင့်ဟာ ဖွဲ့စည်းပုံရဲ့ အဓိကအစိတ်အပိုင်း ဖြစ်လာပြီး လူမဟုတ်တဲ့ သက်ရှိ/သက်မဲ့တွေအပေါ်မှာ လူတွေက တာဝန်ယူရမယ်ဆိုတဲ့ ကျင့်ဝတ်ကို တရားဝင် ဖြစ်အောင် လုပ်ခဲ့ကြပါတယ်။
အီကွေဒေါက ဗီလ်ကာဘမ်ဘာမြစ် (Vilcabamba River) ဟာ မြစ်တစ်စင်းရဲ့ အခွင့်အရေးကို ပထမဆုံး အသိမှတ်ပြုခံရတဲ့မြစ် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) မှာ လိုဟာ (Loja) ပြည်နယ်တရားရုံးက ဗီလ်ကာဘမ်ဘာမြစ်ဟာ ၎င်းရဲ့ သဘာဝအတိုင်း စီးဆင်းခွင့်ရှိကြောင်း စီရင်ချက်ချခဲ့ပြီး၊ လမ်းဖောက်လုပ်ရေး စီမံကိန်းတစ်ခုရဲ့ မြစ်အတွင်း အညစ်အကြေးတွေ စွန့်ပစ်ခြင်းဟာ မြစ်ရဲ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး အဆိုပါ စီမံကိန်းကို ရပ်တန့်စေကာ မြစ်ရဲ့ သဘာဝသဟဇာတဖြစ်မှုကို ထိန်းသိမ်းခွင့်ရှိကြောင်း ကာကွယ်ပေးခဲ့ပါတယ်။ ဒီအမှုဟာ မြစ်တစ်စင်းရဲ့ အခွင့်အရေးအတွက် တရားရုံးက ပထမဆုံးအကြိမ် အနိုင်ပေးခဲ့တဲ့ ကမ္ဘာ့ပထမဆုံးသော အမှုလည်း ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ ကမ္ဘာတဝှန်းက မြစ်တွေရဲ့ သက်ရှိဖြစ်တည်မှုကို ဥပဒေကြောင်းအရ တရားဝင်အသိမှတ်ပြုမှုတွေ အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။
ဒီနှစ်အတွင်းမှာ အီကွေဒေါက ဗီလ်ကာဘမ်ဘာမြစ် (Vilcabamba River) နောက်ပိုင်း နယူးဇီလန်က ဝမ်ဂါနူအီမြစ် (Whanganui River)၊ ကိုလံဘီယာက အာထရာတိုမြစ် (Atrato River)၊ သြစတြေးလျက ယားရားမြစ် (Yarra River) နဲ့ အိန္ဒိယက ဂင်္ဂါမြစ် (Ganges River) တို့ကို ရပိုင်ခွင့်ရှိတဲ့ မြစ်တွေအဖြစ် အသိအမှတ်ပြုလာခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ စပိန်နိုင်ငံက မာမဲန်နော် (Mar Menor) ဆားငန်ရေအိုင်/ပင်လယ်အိုင် ကို ဥပဒေကြောင်းအရ လူပုဂ္ဂိုလ်တစ်ဦးလို အခွင့်အရေး ပေးခဲ့ပါတယ်။
ဒီလိုနည်းနဲ့ သဘာဝကို ဥပဒေကြောင်းအရ ကိုယ်ပိုင်အခွင့်အရေးပေးဖို့ လှုပ်ရှားမှုတွေ ကမ္ဘာနဲ့တဝှန်း ပေါ်ပေါက်လာပါတယ်။
၂၀၂၅ ခုနှစ်မှာ အမေရိကန်က ကိုလိုရာဒိုမြစ် (Colorado River) လည် ဥပဒေအရ သက်ရှိအခွင့်အရေး ရတဲ့ မြစ်ဖြစ်လာပါတယ်။
ဥရောပက ဆွစ်ဇာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ဖြတ်ကျော်စီးဆင်းနေတဲ့ ရုန်းမြစ် (Rhône River) ကိုလည်း ဒီလိုအသိအမှတ်ပြုမှု ရရှိဖို့ ၂၀၂၀ ကစလို့ လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် နိုင်ငံဖြတ်ကျော်မြစ်တွေ (Transboundary rivers) တွေ အနေနဲ့ ဒီလိုအခွင့်အရေးရရှိဖို့ ပိုမိုရှုပ်ထွေးနက်နဲတဲ့အဆင့်တွေကို ဖြတ်ကျော်ရတာဖြစ်လို့ ရုန်းဖြစ်ရဲ့ ဥပဒေကြောင်းအရ လူပုဂ္ဂိုလ်အခွင့်အရေးရနိုင်မှု ကတော့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။
■ မြစ်တွေရဲ့ အခြေခံရပိုင်ခွင့် (၇) ချက်
သဘာဝတရားရဲ့ ရပိုင်ခွင့်များဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (Global Alliance for Rights of Nature-GARN) အဖွဲ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “ဂေဟစနစ်တွေမှာလည်း လူသားတွေလိုပဲ ရပိုင်ခွင့်ရှိတယ်” လို့ ဆိုပါတယ်။
GARN အဖွဲ့ကြီးက သဘာဝတရားရဲ့ ရပိုင်ခွင့်တွေ (Rights of Nature- RoN) ကို အခုလို အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်…
“သဘာဝတရားရဲ့ ရပိုင်ခွင့်ဆိုတာဟာ သစ်ပင်တွေ၊ သမုဒ္ဒရာတွေ၊ သတ္တဝါတွေနဲ့ တောင်တန်းတွေ အပါအဝင် ကျွန်ုပ်တို့ရဲ့ ဂေဟစနစ်တွေမှာလည်း လူသားတွေလိုပဲ ရပိုင်ခွင့်တွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိအားလုံးနဲ့ ဂေဟစနစ်အားလုံးဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ် ပတ်သက်နေတယ်ဆိုတာကို အလုံးစုံ ခြုံငုံပြီး အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။”
“သဘာဝတရားကို ဥပဒေအောက်က ပိုင်ဆိုင်ပစ္စည်းတစ်ခုလို ရှုမြင်မယ့်အစား၊ သဘာဝတရားရဲ့ သက်ရှိပုံစံ အားလုံးမှာ ရှင်သန်ခွင့်၊ တည်မြဲခွင့်၊ ထိန်းသိမ်းခွင့်နဲ့ သူတို့ရဲ့ အရေးပါတဲ့ သဘာဝဖြစ်စဉ် စက်ဝန်းတွေကို ပြန်လည် ထုတ်လုပ်နိုင်စွမ်းရှိခွင့်တွေ ရှိတယ်ဆိုတာကို RoN က လက်ခံအတည်ပြုပေးတာပါ။"
ပြန်ချုပ်ရရင် သဘာဝတရားဟာ ပိုင်ဆိုင်သိမ်းပိုက်စရာ ပစ္စည်းတစ်ခုလို မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင် ရပ်တည်ရှင်သန်ခွင့် နဲ့ ဘဝခံနိုင်ရည်အားကို ရင့်သန်စေတဲ့ သဘာဝစက်ဝန်းအတိုင်း တည်ရှိပိုင်ခွင့် ရှိတဲ့ ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။
၂၀၂၀ ခုနှစ် မှာ ထွက်ပေါ်လာတဲ့ “ကမ္ဘာလုံးဆိုင်ရာ မြစ်များ၏ ရပိုင်ခွင့် ကြေညာစာတမ်း” (Universal Declaration of the Rights of Rivers-RoR) အရ မြစ်တွေမှာ အခြေခံအခွင့်အရေး (၇) ချက် ရှိသင့်တယ်လို့ ဆိုထားပါတယ်။
၁။ လွတ်လပ်စွာ စီးဆင်းခွင့်။
၂။ ကိုယ်ပိုင် ဂေဟစနစ်အတွင်း အဓိက လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပိုင်ခွင့်။
၃။ ညစ်ညမ်းမှုဒဏ်မှ ကင်းဝေးခွင့်။
၄။ မြေအောက်ရေလွှာတွေနဲ့ ချိတ်ဆက်ရှင်သန်ခွင့်။
၅။ ဒေသမျိုးရင်း ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခွင့်။
၆။ ပြန်လည် နာလန်ထူခွင့်နဲ့ ကုစားခွင့်။
၇။ မြစ်ကြောင်း တစ်လျှောက်လုံးနဲ့ မြစ်ဝှမ်းအကြော ချိတ်ဆက်တည်ရှိခွင့်။
ဒီနေရာမှ “ဥပဒေကြောင်းအရ လူပုဂ္ဂိုလ်ဖြစ်ခြင်း” (Legal personhood) နဲ့ သဘာဝတရားရဲ့ အခွင့်အရေး (RoN) တို့က သဘောတရားအရ ဆင်ပေမယ့် ထပ်တူတော့မကျပါဘူး။
“ဥပဒေကြောင်းအရ လူပုဂ္ဂိုလ်ဖြစ်ခြင်း” ဆိုတဲ့သဘောတရားက သဘာဝတရားရဲ့ အခွင့်အရေး (RoN) အတွက် အကောင်အထည်ဖော်တဲ့ ကိရိယာတစ်ခုသာ ဖြစ်ပြီး RoNက အများကြီး ပိုကျယ်ပြန့်ပါတယ်။
ဒါ့အပြင် အရာအားလုံးကို ဥပဒေကြောင်းအရ တရားဝင်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ အယူအဆအထက် ပိုကျော်လွန်တဲ့ အမြင်တွေကို ဥ◌ီးတည်နေတာဖြစ်ပါတယ်။ အထူးသဖြင့် (တာဝန်ရှိတဲ့) လူတွေက ပိုပြီးတာဝန်ယူရမယ်ဆိုတဲ့ သဘောတရားကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။
ပြင်သစ်နဲ့ ဆွစ်ဇာလန်ကို ဖြတ်ကျော်စီးဆင်းနေတဲ့ ရုန်းမြစ်ရဲ့ “သက်ရှိအခွင့်အရေး” ကြိုးပမ်းမှုတွေအပေါ် နိုင်ငံရေးဂေဟဗေဒ (political ecology) နဲ့ နိုင်ငံရေး ပထဝီဝင် (political geography) ရှုထောင့်က လေ့လာသူ သုတေသီ Cyrille Vallet ကတော့ “ဒီနှစ်ခုစလုံးဟာ မြစ်တွေကို ကာကွယ်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေဖြစ်လို့ ဒီနှစ်မျိုးလုံးက ခေါင်းနဲ့ပန်းလို ဒွန်တွဲနေတယ်လို့ ကျုပ်ကတော့ မြင်မိပါတယ်” လို့ သူ့ရဲ့ PhD dissertation မှာ သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံက ဧရာဝတီမြစ်ကို လေ့လာသုတေသန လုပ်ခဲ့တဲ့ ပါမောက္ခ ဂျိမ်းစကော့ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ In praise of flood ရဲ့ အဖွင့်မှာ လူသားတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ဘဝသမိုင်း (Biography) ရှိသလိုပဲ၊ ဧရာဝတီမြစ်ဖြစ်စေ အမေဇုန်မြစ် ဖြစ်စေ ဘယ်မြစ်တွေမှာ မဆို သူတို့ရဲ့ သီးခြားထူးခြားတဲ့ "Eco-biography" (ဂေဟစနစ်ဆိုင်ရာ ဘဝမှတ်တမ်း) ရှိတယ်လို့ ဆိုပါတယ်။
“မြစ်တွေဟာ သက်ရှိတွေဖြစ်ပါတယ်။ သူတို့ကို ရိုးရိုးရေထုလို့ မမြင်ဘဲ မွေးဖွားခြင်း၊ ပြောင်းလဲခြင်းနဲ့ သေဆုံးခြင်းတွေ ကြုံနေရတဲ့ သက်ရှိတွေအဖြစ် ရှုမြင်ကြပါ။
မြစ်တွေရဲ့ သက်တမ်းဟာ လူသားတွေထက် အဆပေါင်းများစွာ ရှည်လျားပေမဲ့၊ လူသားဗဟိုပြု နည်းပညာနဲ့ စက်မှုလက်မှု တိုးတက်လာတဲ့ (Anthropocene) ခေတ်မှာတော့ လူသားတွေရဲ့ ကြားဝင်နှောင့်ယှက်မှုတွေကြောင့် မြစ်တွေရဲ့ နာမကျန်းဖြစ်မှုနဲ့ သေဆုံးနှုန်း (Mortality) ဟာ သိသိသာသာ မြင့်တက်လာနေပါတယ်။”
ဆက်လက်ပြီး “ကျုပ်တို့ လူသားတွေဟာ များသောအားဖြင့် မျိုးဆက် ၃ ဆက်စာ အချိန်ကာလလောက်ကိုပဲ အလေးထား စဉ်းစားတတ်ကြပါတယ်။ ဒါပေမဲ့ မြစ်တွေကို နားလည်ဖို့ဆိုရင် အဲဒီလို ကျဉ်းမြောင်းတဲ့ အမြင်ကနေ ခွဲထွက်ပြီး ပိုမိုကျယ်ပြန့်တဲ့ "River Time" လို့ခေါ်တဲ့ မြစ်တွေရဲ့ သက်တမ်းစံနှုန်းနဲ့ ကြည့်မြင်တတ်ဖို့ လိုအပ်ပါတယ်။ မြစ်တွေရဲ့ အချိန်ကာလ (River Time) ကို လျစ်လျူရှုပြီး တရစပ် ကော်ပိုရိတ်တွေရဲ့ အကျိုးစီးပွားနောက်ကိုသာ လိုက်နေမယ်ဆိုရင်တော့ မြစ်ကို မှီခိုရှင်သန်နေကြရဲ့ ဘဝပေါင်းများစွာပါ ထိခိုက်နာကျင်ရလိမ့်မယ်” လို့ သူက သတိပေးခဲ့ပါတယ်။
ကောက်နှံ
ကိုးကား
Clark, C., Emmanouil, N., Page, J., & Pelizzon, A. (2019). Can you hear the rivers sing? Legal personhood, ontology, and the nitty-gritty of governance. Ecology Law Quarterly, 45(4), 787-844.
Scott, J. C. (2025). In praise of floods: The untamed river and the life it brings. Yale University Press.
Vallet, C. (2025). From the river-object to the river-person? The emergence of discourses on the rights of nature and legal personhood of the Rhône River. Geography. Ecole normale supérieure de lyon - ENS LYON; Université de Genève. Faculté des sciences de la société.
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Kamayut Township
Yangon