Sublime Art School

Sublime Art School

Share

Since 2017

28/03/2026

🎨 ကလေးပန်းချီ (Online) သင်တန်း ပြန်လည်ဖွင့်လှစ်ခြင်း 🎨
နယ်ဝေးက သားသားမီးမီးများနှင့် လူကိုယ်တိုင်လာရောက်ရန် အဆင်မပြေသည့် ကလေးငယ်များအတွက် Sublime Art School မှ အွန်လိုင်းပန်းချီသင်တန်းလေးကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။
Zoom Application အသုံးပြု၍ တစ်ရက်လျှင် (၄၅) မိနစ်၊ တစ်ပတ်လျှင် (၂) ရက် စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
✨ သင်တန်းအချက်အလက်များ
စတင်မည့်ရက်: ဧပြီလ (၆) ရက်၊ ၂၀၂၆ (တနင်္လာနေ့)
သင်တန်းအချိန် : နံနက် ၉:၀၀ နာရီ မှ ၉:၄၅ နာရီအထိ (တနင်္လာ၊ အင်္ဂါ)
သင်တန်းကာလ: တစ်လလျှင် စာသင်ချိန် (၈) ချိန်
တက်ရောက်နိုင်သည့်အသက်: (၆) နှစ် မှ (၁၂) နှစ်အတွင်း
သင်တန်းကြေး: ၅၀,၀၀၀ ကျပ် (တစ်လစာ)
🌟 ဘာကြောင့် Sublime Art School ကို ရွေးချယ်သင့်သလဲ?
ဝါရင့်ဆရာမကိုယ်တိုင်သင်ကြားမှု: အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ B.A Painting (Hons;) ဘွဲ့ရရှိထားပြီး၊ International School များတွင် သင်ကြားနေသည့် ပန်းချီသင်သက် (၁၀) နှစ်ကျော် အတွေ့အကြုံရှိ ဆရာမကိုယ်တိုင် သင်ကြားပေးမည်။
နိုင်ငံတကာအဆင့်မီသင်ရိုး: ၁၀ နှစ်ကျော် အတွေ့အကြုံပေါ် အခြေခံ၍ ရေးဆွဲထားသော နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးခြင်း။
အခြေခံမှစ၍သင်ကြားပေးခြင်း: ပန်းချီအခြေခံ မရှိသေးသော ကလေးငယ်များသာမက၊ အခြေခံရှိပြီးသား ကလေးများပါ မိမိတို့အဆင့်အလိုက် တက်ရောက်နိုင်ခြင်း။
Sublime Art School ရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ ဆရာမ ဒေါ်ခိုင်သဇင်ဦး (KTZO) သည် အနုပညာနယ်ပယ်တွင် ဆယ်စုနှစ်တစ်ခုနီးပါး ကျင်လည်ခဲ့သော အနုပညာရှင် (Multidisciplinary Artist) တစ်ဦး ဖြစ်ပါသည်။
🎓 ပညာအရည်အချင်းနှင့် သင်ကြားမှုအတွေ့အကြုံ
B.A (Honours) in Painting – အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)။
ပြည်တွင်း/ပြည်ပ အနုပညာပြပွဲပေါင်းများစွာ – ၂၀၁၃ ခုနှစ်မှစတင်ကာ Group Art Exhibitions နှင့် International Performance Art Festivals ပေါင်း (၁၅) ခုထက်မနည်း ပါဝင်ပြသခဲ့သူ။
လူမှုအကျိုးပြု လုပ်ငန်းများ – မုံရွာ၊ မြိတ် နှင့် ရန်ကုန်ရှိ ကိုယ်ပိုင်ကျောင်းများနှင့် ပြန်လည်ထူထောင်ရေးစင်တာများတွင် အနုပညာဖြင့် ကလေးငယ်များကို လေ့ကျင့်ပျိုးထောင်ပေးခဲ့သူ။
တည်ထောင်သူ – JINN Art Group ၏ တွဲဖက်တည်ထောင်သူနှင့် Sublime Art School ၏ တည်ထောင်သူ။
လက်ရှိတွင် private school/international school တို့တွင် Art Teacher အဖြစ်တာဝန်ယူသင်ကြားပေးလျှက်ရှိပြီး စာသင်သက်၁၀နှစ်ကျော်ရှိသူ ဖြစ်ပါသည်။

✨ အဓိကပြသခဲ့သော အနုပညာပြပွဲအချို့ (Local & International Highlights)
Performance Art: ZeroPlatform International Performance Art Festival (2018 & 2019)
Art Exhibitions: Colorful Aurora (2, 3), Step of Faith (1, 2), JINN Art Exhibition, Divergence IV: Isolink 2020, Scrutinising Journey 2023, Step of Faith (4) 2025.
Special Projects: Limited Limitless Art Activity at NUAC.
AMCA 23, A SET OF CURATED EXHIBITIONS CONTEMPORARY MYANMAR ARTS:Selected Artists 2023 etc,

"အတွေ့အကြုံရင့် ကျွမ်းကျင်အနုပညာရှင်ကိုယ်တိုင် စိတ်ရှည်လက်ရှည် သင်ကြားပေးမည့် Sublime Art School တွင် သားသားမီးမီးတို့၏ အနုပညာခရီးလမ်းကို စတင်လိုက်ပါ"

📝 မှတ်ချက်
သင်တန်းအတွက် လိုအပ်သော ပန်းချီပစ္စည်းများကို ကြိုတင်ဝယ်ယူထားရန် လိုအပ်ပါသည်။ သင်တန်းအပ်နှံပြီးပါက ဝယ်ယူရမည့် ပစ္စည်းစာရင်းအသေးစိတ်ကို ပြန်လည်ပေးပို့ပေးသွားမည် ဖြစ်ပါသည်။
📍 ဆက်သွယ်စုံစမ်းရန်
အသေးစိတ်သိရှိလိုပါက Page Messenger မှဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များသို့ (ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📞 ဖုန်း: 09-799855403, 09-790636356
🏠 တည်နေရာ: တိုက် (၃)၊ အခန်း (၃၀၂)၊ ရွှေထီးအိမ်ရာ (၁)၊ (တရုတ်ဘုံကျောင်းမျက်နှာချင်းဆိုင်)၊ သမိုင်း (၁) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#ကလေးပန်းချီသင်တန်း #နွေရာသီပန်းချီသင်တန်း #အွန်လိုင်းပန်းချီသင်တန်း

Photos from Sublime Art School's post 19/01/2026

8နှစ်အကြာက

Photos from Sublime Art School's post 06/12/2025

ရူးဘန်းနက်စ် (Rubenesque) ကို ဖန်တီးသူ
Peter Paul Rubens(1577-1640)
—----------------------------------
ပီတာ ပေါလ် ရူးဘန်းစ်ကို ဒီဇင်ဘာလ ၆ ရက်၊ ၁၅၇၇ ခုနှစ် တွင် ဂျာမနီနိုင်ငံ၊ Siegen မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင် Jan Rubens ဟာ နာမည်ကြီး ရှေ့နေတစ်ဦးဖြစ်ပြီး၊ မိသားစုဟာ ဘာသာရေးပဋိပက္ခများကြောင့် Antwerp (ဖလန်းဒါးစ်) မှ ထွက်ပြေးတိမ်းရှောင်နေရစဉ် သူ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ဖခင်ကွယ်လွန်ပြီးနောက် ၁၅၈၉ ခုနှစ်မှာ မိခင်ဖြစ်သူနဲ့အတူ ဖလန်းဒါးစ် (ယခု ဘယ်လ်ဂျီယမ်) ရဲ့ မြို့တော်ဖြစ်တဲ့ Antwerp ကို ပြန်လည်ရောက်ရှိလာပြီး၊ အဲဒီမှာ ကက်သလစ် ဘာသာဝင်အဖြစ် နေထိုင်ခဲ့ပါတယ်။
Antwerp ဟာ ရူးဘန်းစ်ရဲ့ ဘဝတစ်လျှောက်လုံး အဓိက နေထိုင်ရာမြို့ ဖြစ်လာခဲ့ပါတယ်။
သူဟာ ကောင်းမွန်တဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုင်ရာ ပညာရေးကို သင်ယူခဲ့ပြီး လက်တင်စာပေနဲ့ ဂန္ထဝင်ယဉ်ကျေးမှုများကို ကျွမ်းကျင်ခဲ့ပါတယ်။

သူဟာ စစ်မှုထမ်းအဖြစ် အချိန်အနည်းငယ် လုပ်ဆောင်ခဲ့ပြီးနောက် ၁၅၉၀ ပြည့်နှစ်ဝန်းကျင်မှာ အနုပညာကို စတင်သင်ယူခဲ့ပါတယ်။
Willem Moortels, Adam van Noort နဲ့ Otto van Veen စတဲ့ နာမည်ကြီး ပန်းချီဆရာသုံးဦးထံမှာ အနုပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။ Otto van Veen ရဲ့ စတူဒီယိုဟာ သူရဲ့ အနုပညာစတိုင်လ်ကို ပုံဖော်ရာမှာ အထူးဩဇာရှိခဲ့ပါတယ်။ ၁၆၀၀ ပြည့်နှစ်မှာ Antwerp မြို့ရဲ့ Saint Luke Guild (အနုပညာရှင်များအဖွဲ့) မှာ ဆရာကြီးတစ်ဦးအဖြစ် တရားဝင် စာရင်းသွင်းဝင်ရောက်ခဲ့ပါတယ်။

ရူးဘန်းစ်ဟာ သူ့ရဲ့ အနုပညာစွမ်းရည်ကို ပိုမိုမြှင့်တင်ဖို့နဲ့ ဂန္ထဝင်လက်ရာတွေကို လေ့လာဖို့ အီတလီကို သွားရောက်ခဲ့ပါတယ်။ အီတလီကိုသွားခြင်းဟာ ဘာရော့ခ်ခေတ် ပန်းချီဆရာတွေအတွက် မဖြစ်မနေ လိုအပ်တဲ့ ကိစ္စတစ်ခုလဲဖြစ်ပါတယ်။
အဲဒီမှာ Mantua မြို့စား Vincenso Gonzaga ရဲ့ နန်းတော်မှာ ပန်းချီဆရာအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဗင်းနစ်၊ ရောမနဲ့ ဖလောရင့်စ်မြို့များမှ ရီနေးဆန့် (Renaissance) ခေတ် အနုပညာရှင်ကြီးများဖြစ်တဲ့ Michelangelo, Titian, နဲ့ Caravaggio တို့ရဲ့ လက်ရာတွေကို လေ့လာခွင့်ရခဲ့ပါတယ်။
၁၆၀၃ ခုနှစ်မှာ Mantua မြို့စားအတွက် သံတမန်မစ်ရှင်နဲ့ စပိန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ရာကနေ သူ့ရဲ့ သံတမန်ဘဝ ကို စတင်ခဲ့ပါတယ်။ ၁၆၀၈ မှာ မိခင်နေမကောင်းသဖြင့် Antwerp ကို ပြန်လာခဲ့ပြီးနောက် ၁၆၀၉ ခုနှစ်မှာ Archdukes Albert နဲ့ Isabella တို့ရဲ့ နန်းတွင်းပန်းချီဆရာ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
၁၆၀၉ ခုနှစ်မှာ Isabella Brant နဲ့ လက်ထပ်ခဲ့ပြီး သားသမီး သုံးဦး ထွန်းကားခဲ့ပါတယ်။

ရူးဘန်းစ်ဟာ Antwerp မှာ အလွန်ကြီးမားပြီး အောင်မြင်တဲ့ စတူဒီယို တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ သူ့မှာ လက်ရာတွေကို ကူညီရေးဆွဲပေးမယ့် လက်ထောက်ပန်းချီဆရာ အများအပြား ရှိခဲ့ပြီး၊ အထူးသဖြင့် ကြီးမားတဲ့ ဘုရားရှိခိုးကျောင်းပန်းချီကားများနဲ့ နန်းတော်တွေအတွက် လက်ရာမြောက် ပုံစံတူကူးချမှုတွေကို ဖန်တီးခဲ့ပါတယ်။
The Raising of the Cross (၁၆၁၀-၁၆၁၁) နဲ့ The Descent from the Cross (၁၆၁၂-၁၆၁၄) စတဲ့ ဘာသာရေးလက်ရာ‌‌တွေကို
ရေးဆွဲခဲ့ပါတယ်။

ပီတာ ပေါလ် ရူးဘန်းစ်ရဲ့ ရေးဟန်ဟာ ဘာရော့ခ် (Baroque) လှုပ်ရှားမှုရဲ့ အမှတ်အသားဖြစ်ပြီး သူ့လက်ရာတွေဟာ အားကောင်းတဲ့ လှုပ်ရှားမှုနဲ့ အရောင်စုံလင်ကြွယ်ဝမှုတို့ကြောင့် ထူးခြားပါတယ်။
သူဟာ မျက်စိရှေ့မှာတင် ဖြစ်ပျက်နေသယောင် ထင်ရတဲ့ ဒရာမာဆန်မှု၊ စိတ်လှုပ်ရှားမှုနဲ့ တင်းမာမှုတွေကို ထည့်သွင်းဖန်တီးနိုင်ပြီး၊ ပုံတွေထဲမှာ ဇာတ်ကောင်တွေရဲ့ ကိုယ်ဟန်တွေဟာ တောင့်တင်းမနေဘဲ ကွေးညွတ်၊ ရုန်းကန်နေတဲ့ ပုံစံမျိုးတွေနဲ့ ပြည့်နှက်‌ နေအောင်ဖန်တီးတတ်ပါတယ်။ ဒီလို လှုပ်ရှားမှုပြင်းထန်တဲ့ အမြင် ကို ဖန်တီးဖို့အတွက် ထောင့်ဖြတ်မျဉ်း (Diagonals) တွေကို မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ ရူးဘန်းစ်ရဲ့ ပုံဆွဲဟန်ရဲ့ ထူးခြားချက်တစ်ခုကတော့ ဝေါဟာရအဖြစ်ပင် သုံးစွဲလာရတဲ့ ရူးဘန်းနက်စ် (Rubenesque) လို့ခေါ်တဲ့ အသွေးအသားပြည့်ဝပြီး ခန္ဓာကိုယ် ထွားကြိုင်းဖွံ့ဖြိုးတဲ့ အမျိုးသမီးပုံစံများကို ရေးဆွဲလေ့ရှိခြင်းပဲ ဖြစ်ပါတယ်။
နည်းစနစ်ပိုင်းအရဆိုရင် ရူးဘန်းစ်ဟာ လျင်မြန်တဲ့ စုတ်ချက်များ (Lush, Loose Brushwork) ကို အသုံးပြုပါတယ်။ ဒီစုတ်ချက်တွေဟာ မပြီးသေးသော ပုံစံမျိုးရှိပေမယ့် အသေးစိတ်လိုအပ်တဲ့ နေရာမှာတော့ သေသပ်ပါတယ်။ သူဟာ Titian ရဲ့ အရောင်အသုံးပြုပုံကို အထူးလေ့လာခဲ့ပြီး တောက်ပတဲ့ အရောင်အသွေးတွေကို ရဲရဲဝံ့ဝံ့ အသုံးပြုနိုင်ပါတယ်။ အလင်းရောင်ကို ဇာတ်ကောင်ရဲ့ ကိုယ်ပေါ် တိုက်ရိုက်ကျရောက်စေကာ အလင်း-အမှောင် ပြင်းထန်သော ဆန့်ကျင်ဘက် (Chiaroscuro) နည်းပညာကိုသုံးပြီး ဒရာမာကို မြှင့်တင်ခဲ့ပါတယ်။ ပန်းချီကားကြီးတွေ ရေးဆွဲတဲ့အခါ အလွန်လျင်မြန်တဲ့ ဆီဆေးဖြင့် ပုံကြမ်း (Oil Sketches) သေးသေးလေးတွေကို အရင်ဆွဲပြီး စတူဒီယိုထဲက လက်ထောက်တွေနဲ့ အတူတကွ လက်ရာကို ပြီးစီးအောင် ဖန်တီးလေ့ရှိပါတယ်။
သူအသုံးပြုတဲ့ အဓိက အကြောင်းအရာတွေကတော့ ကက်သလစ်ဘုရားကျောင်းတွေအတွက် ဘာသာရေးဆိုင်ရာ ယဇ်ပလ္လင်ပန်းချီကားများ ဖြစ်ပြီး၊ လက်ဝါးကပ်တိုင်တင်ခြင်း စတဲ့ စိတ်ခံစားမှု ပြင်းထန်တဲ့ မြင်ကွင်းတွေကို ရေးဆွဲလေ့ရှိပါတယ်။ ဒီအပြင် ဂရိနဲ့ ရောမ ဒဏ္ဍာရီပုံပြင်များ ကိုလည်း အရေးပါတဲ့ ခန္ဓာကိုယ် အလှအပကို လွတ်လပ်စွာ ဖော်ကျူးဖို့အတွက် အသုံးပြုခဲ့သလို၊ ပုံတူပန်းချီများ နဲ့ သူ့ဘဝနှောင်းပိုင်းမှာ သဘာဝရှုခင်းများ ကိုလည်း ရေးဆွဲခဲ့ပါတယ်။

သူ့ရဲ့ ထူးခြားချက်ကတော့ သူဟာ အနုပညာရှင်အဖြစ်သာမကဘဲ ဥရောပ နန်းတော်များကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအရ ဩဇာကြီးမားတဲ့ သံတမန် တစ်ဦးလည်း ဖြစ်တယ်ဆိုတာပါပဲ။

၁၆၂၀ ပြည့်လွန်နှစ်များမှာ ရူးဘန်းစ်ဟာ နိုင်ငံရေးနယ်ပယ်မှာ ထိပ်တန်းသံတမန် တစ်ဦးအဖြစ် နာမည်ကျော်ကြားလာပါတယ်။ သူဟာ အင်္ဂလန်၊ စပိန်၊ ပြင်သစ် နန်းတော်တွေမှာ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကြားဝင်ဆောင်ရွက်ခဲ့ပါတယ်။
သူ့ရဲ့ သံတမန်ရေးရာ အောင်မြင်မှုတွေကြောင့် ၁၆၂၄ ခုနှစ်မှာ စပိန်ဘုရင် Philip IV က သူ့ကို သူကောင်းပြုဘွဲ့ ပေးအပ်ခဲ့ပြီး ၁၆၃၀ မှာ အင်္ဂလန်ဘုရင် Charles I ကလည်း ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။
၁၆၃၀ ပြည့်နှစ်မှာ ဇနီးသည် ကွယ်လွန်ပြီးနောက် Helena Fourment ဆိုတဲ့ အသက် (၁၆) နှစ်သာ ရှိသေးတဲ့ အမျိုးသမီးငယ်တစ်ဦးနဲ့ ဒုတိယအိမ်ထောင်ပြုခဲ့ပါတယ်။ ဟယ်လီနာဟာ သူ့ရဲ့ နောက်ပိုင်းလက်ရာများစွာမှာ အနုပညာ Muse (စိတ်ကူးဉာဏ်ပေးစွမ်းသူ) အဖြစ် ထင်ရှားပါတယ်။
နောက်ပိုင်းဘဝမှာ ဂေါက်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ၁၆၃၅ မှာ Steen Castle ကို ဝယ်ယူကာ နန်းတွင်းတာဝန်တွေကနေ အနားယူပြီး သဘာဝရှုခင်းများ၊ သူ့ရဲ့မိသားစုဘဝတွေကို ပိုမိုရေးဆွဲခဲ့ပါတယ်။
ပီတာ ပေါလ် ရူးဘန်းစ်ဟာ မေလ ၃၀ ရက်၊ ၁၆၄၀ ခုနှစ် တွင် Antwerp မှာ ကွယ်လွန်ခဲ့ပါတယ်။
ရူးဘန်းစ်ရဲ့ ဘဝဟာ အနုပညာ၊ နိုင်ငံရေးနဲ့ စီးပွားရေးတို့မှာ အောင်မြင်မှုအပေါင်းနဲ့ ပြည့်စုံခဲ့ပြီး ဘာရော့ခ်ခေတ်ရဲ့ အကြီးကျယ်ဆုံးသော ပန်းချီဆရာ အဖြစ် ကမ္ဘာမှာ မှတ်တမ်းတင်ကျန်ရစ်ခဲ့ပါတယ်။

၅.၁၂.၂၀၂၅
All photo credit (source ; Google)

05/12/2025

ဝေါ့ဒစ်စနီ (Walt Disney) ၏ ဘဝဇာတ်ကြောင်း
—-------------------------------
Walt Disney (1901-1966)

ဝေါ့ဒစ်စနီကို ဒီနေ့လိုနေ့ ဒီဇင်ဘာလ ၅ ရက်၊ ၁၉၀၁ ခုနှစ် တွင် အီလီနွိုင်းစ်ပြည်နယ်၊ ချီကာဂိုမြို့ (Chicago, Illinois) မှာ မွေးဖွားခဲ့ပါတယ်။
ဖခင်ဖြစ်သူက အိုင်းရစ်-ကနေဒါနွယ်ဖွား Elias Disney နဲ့ မိခင်က ဂျာမန်-အမေရိကန်နွယ်ဖွား Flora Call Disney တို့ ဖြစ်ကြပါတယ်။ မွေးချင်း မောင်နှမငါးယောက်ရှိပါတယ်။
၁၉၀၆ ခုနှစ်မှာ မိသားစုဟာ မစ်ဇူရီပြည်နယ်၊ Marceline မြို့အနီးရှိ လယ်တောဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီမြို့ငယ်လေးက သူ့အတွက် စိတ်ကူးယဉ်ဆန်ပြီး ပျော်စရာအကောင်းဆုံးအချိန်တွေ ပေးခဲ့ပြီး နောင်အခါမှာ Disneyland ရဲ့ Main Street, U.S.A. လမ်းမကြီးကို ဒီဇိုင်းထုတ်ရာမှာ စိတ်ကူးဉာဏ်ရခဲ့တဲ့ နေရာဖြစ်ပါတယ်။
အသက် (၇) နှစ်အရွယ်ကတည်းက စတင်ပြီး ပုံဆွဲရတာကို ဝါသနာပါခဲ့ကာ အိမ်နီးချင်းတွေကို ပုံလေးတွေ ဆွဲရောင်းခဲ့ပါတယ်။

၁၉၁၇မှာ မိသားစုဟာ Kansas City ကို ပြောင်းရွှေ့ခဲ့ပြီး Benton Grammar School မှာ ပညာသင်ယူခဲ့ပါတယ်။ နောက်ပိုင်း ချီကာဂိုကို ပြန်ပြောင်းပြီး McKinley High School မှာ ကျောင်းတက်ခဲ့ပါတယ်။ ကျောင်းသတင်းစာအတွက် ပုံဆွဲခြင်းနဲ့ ဓာတ်ပုံရိုက်ခြင်းတွေကို လုပ်ခဲ့ပါတယ်။
ညပိုင်းတွေမှာ Chicago Academy of Fine Arts မှာ အနုပညာသင်တန်းတွေ တက်ရောက်
ခဲ့ပါတယ်။
၁၉၁၈ ခုနှစ်၊ အသက် (၁၆) နှစ်အရွယ်မှာ စစ်မှုထမ်းရန် ကြိုးစားခဲ့ပေမယ့် အသက်မပြည့်၍ အပယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ အမေရိကန် ကြက်ခြေနီတပ် (American Red Cross) မှာ စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်ခဲ့ပြီး ပထမကမ္ဘာစစ်အပြီး ပြင်သစ်နိုင်ငံမှာ တစ်နှစ်တာ ကားမောင်းသူအဖြစ်တာဝန်ထမ်းဆောင်
ခဲ့ပါတယ်။ သူ့ရဲ့ လူနာတင်ကားကို ကာတွန်းပုံတွေနဲ့ အပြည့်ဆွဲခြယ်ခဲ့ပါတယ်။

၁၉၁၉ ခုနှစ်မှာ Kansas City ကို ပြန်ရောက်လာပြီး ကြော်ငြာ ကာတွန်းဆရာအဖြစ် အသက်မွေးဝမ်းကျောင်း စတင်ခဲ့ပါတယ်။
သူတည်ထောင်ခဲ့တဲ့ ပထမဆုံး စတူဒီယိုတွေထဲက တစ်ခုဖြစ်တဲ့ Laugh-O-Gram Films, Inc. ဟာ ၁၉၂၃ ခုနှစ်မှာ ဒေဝါလီခံခဲ့ရ ပါတယ်။ ဒီလိုစီးပွားရေးမှာ အကြီးအကျယ် ကျဆုံးခဲ့ရတာဟာ သူ့ဘဝရဲ့အခက်အခဲအကြီးဆုံးအချိန်တွေထဲက တစ်ခုပါ။
ဒေဝါလီခံပြီးနောက် ပိုက်ဆံ ဒေါ်လာ ၄၀ လောက်သာ ပါရှိတဲ့အခြေအနေနဲ့ ဖြစ်သွားပါတယ်။ သူအခြေအနေမှာတောင် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ စိတ်ကူးနဲ့ လော့စ်အိန်ဂျယ်လိစ် (Los Angeles) ကို ရောက်လာပါတယ်။ အဲဒီမှာ အစ်ကိုဖြစ်သူ Roy O. Disney နဲ့ ပေါင်းပြီး ကာတွန်းလုပ်ငန်းကို စတင်ခဲ့ပါတယ်။
သူဖန်တီးခဲ့တဲ့ Oswald the Lucky Rabbit ဆိုတဲ့ လူကြိုက်များတဲ့ ဇာတ်ကောင်ရဲ့ မူပိုင်ခွင့်ကို ဖြန့်ချိသူ (distributor) က လှည့်စားပြီး လုယူသွားခဲ့ပါတယ်။ ဒီစိတ်ပျက်စရာ အခြေအနေကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း လမ်းခရီးမှာပဲ Mickey Mouse (မစ်ကီမောက်စ်) ကို စတင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

၁၉၂၈ ခုနှစ်မှာ Mickey Mouse ကို ဖန်တီးခဲ့ပြီး မကြာခင်မှာ ပထမဆုံး အသံထည့်သွင်းထားသော ကာတွန်း ဖြစ်တဲ့ Steamboat Willie ကို ထုတ်လုပ်ခဲ့ရာကနေ ကမ္ဘာကျော်သွားခဲ့ပါတယ်။
၁၉၃၇ မှာ ပထမဆုံး ဇာတ်လမ်းအရှည် ကာတွန်း ဖြစ်တဲ့ Snow White and the Seven Dwarfs ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို "Disney ရဲ့ အရူးလုပ်ရပ်" လို့ ဝေဖန်သူတွေက ပြောခဲ့ပေမယ့် စီးပွားရေးအရ အကြီးအကျယ် အောင်မြင်ခဲ့ပြီး သူ့ရဲ့ စတူဒီယိုကို ကယ်တင်ခဲ့ပါတယ်။
သူဟာ တစ်ဦးချင်းအနေနဲ့ အော်စကာဆု (၂၆) ဆု ရရှိခဲ့ပြီး ဆန်ခါတင်စာရင်း (၅၉) ကြိမ်နဲ့ သမိုင်းမှာ စံချိန်တင်ခဲ့ပါတယ်။
၁၉၅၅ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး ခေတ်မီ ဖျော်ဖြေရေးပန်းခြံတွေထဲက တစ်ခုဖြစ်တဲ့ Disneyland ကို တည်ထောင်ခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်ကို အပြီးအပိုင် ပြောင်းလဲပစ်ခဲ့ပါတယ်။

ဝေါ့ဒစ်စနီဟာ ဆေးလိပ်အလွန်အကျွံ သောက်သုံးမှုကြောင့် အဆုတ်ကင်ဆာ ရောဂါကို ခံစားခဲ့ရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်၊ ၁၉၆၆ ခုနှစ် တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဘားဘန့်ခ် (Burbank, California) မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ် ရှိပြီ ဖြစ်ပါတယ်။
သူကွယ်လွန်ပြီးနောက်မှာ အစ်ကိုဖြစ်သူ Roy O. Disney က သူရဲ့ အကြီးမားဆုံးစီမံကိန်းဖြစ်တဲ့ Walt Disney World (Florida) ကို အကောင်အထည်ဖော်ခဲ့ပြီး ကုမ္ပဏီကို ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာတစ်ခုအဖြစ် ဆက်လက်တည်ထောင်သွားခဲ့ပါတယ်။
ဝေါ့ဒစ်စနီဟာ သူကြုံတွေ့ခဲ့ရတဲ့ ဒေဝါလီခံရခြင်း၊ ဇာတ်ကောင် မူပိုင်ခွင့် အလုခံရခြင်း စတဲ့ အခက်အခဲတွေကနေ သင်ခန်းစာယူပြီး မလျှော့သော ဇွဲလုံ့လ၊ စိတ်ကူးဉာဏ်နဲ့ ဖျော်ဖြေရေးလောကကို စိုးမိုးသွားခဲ့သူ အဖြစ် သမိုင်းမှတ်တမ်း ကျန်ရစ်ခဲ့ပါတယ်။

၅.၁၂.၂၀၂၅
All photo credit (source ; Google)
# jinn

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Thamaing Station Road
Yangon
11061-11062-11063