How it feels

How it feels

Share

Real-life Style

05/11/2025

ကြုံဆုံခံစားမှ မှတ်မိမယ့် အတိတ် ရယ်၊
ဖြေရှင်း ဖြတ်သန်းနေရမယ့် ပစ္စုပ္ပန် ရယ်၊
အကျိုးရလဒ် ရရှိမယ့် အနာဂတ် ရယ်...
ဒီကြားထဲက ကန့်သတ်ထားတဲ့ ဘဝသက်တမ်း ရယ်ပေါ့။

​ထရပ်ချင်ပေမဲ့ ယိုင်နဲ့နဲ့... မြင်ချင်ပေမဲ့ မှုန်ဝါးဝါး...
ဆုံးရှုံးခဲ့တဲ့ အရင်းနှီးဆုံးများ၊ လေလွင့်ခဲ့တဲ့ အချိန်များ... အားလုံးက ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေခဲ့တယ်။

​ဘဝရဲ့ အဆုံးမဲ့ခရီး ဟာ ရပ်တန့်သွားတာ မဟုတ်သေးပါဘူး။ ​အတိတ်ကို မေ့လိုက်ပါ။ ပစ္စုပ္ပန်ကိုပဲ လက်ခံပါ။

မနက်ဖြန်မှာ ဒီ ယိုင်နဲ့တဲ့ ခြေထောက် ကို ခိုင်မြဲအောင်လုပ်ပြီး၊ ဒီ မှုန်ဝါးတဲ့ အမြင် ကို ရှင်းလင်းအောင် ကြိုးစားဖို့ပဲ လိုပါတယ်။

​ကျန်တာအားလုံးကို အချိန်က ဖြေရှင်းပါစေ။ ကျွန်တော်တို့က ရှေ့ဆက်ရုံပါပဲ။

01/11/2025

တနေ့တာလုံး ပင်ပန်းခဲ့ပြီးနောက်မှာ...
​ဒီလို ညဉ့်နက်တဲ့အချိန်မျိုးကို တန်ဖိုးထားတတ်လာတယ်။ လောကကြီးက သူ့ရဲ့ လှုပ်ရှားမှုအားလုံးကို ခေတ္တရပ်နားပြီး အိပ်စက်အနားယူ နေပြီ။

​ကျွန်တော်တို့လည်း ဒီအချိန်မှာပဲ ကိုယ့်ကိုယ်ကိုယ် အနားပေးခွင့် ရတယ်။​မျက်နှာဖုံးတွေ ချွတ်ထားလို့ရပြီ။​မပြောချင်ဘဲ ပြောခဲ့ရတဲ့ စကားလုံးတွေအတွက် နောင်တရစရာလည်း မလိုတော့ဘူး။​စိုးရိမ်ပူပန်မှုတွေကို ခဏတာ မေ့ထားနိုင်တယ်။

​ညရဲ့ တိတ်ဆိတ်မှုဟာ တကယ်တော့ လက်ဆောင်တစ်ခုပါပဲ။ ​ဘယ်သူမှ မတောင်းဆိုတဲ့၊ ဘယ်သူမှ မနှောင့်ယှက်တဲ့ ကိုယ်ပိုင်အချိန်။ ဒီအချိန်မှာ ကိုယ့်ရင်ထဲက အသံကို ပွင့်ပွင့်လင်းလင်း နားထောင်လို့ရတယ်။

​မနက်ဖြန်ဆိုတာ လာဦးမှာပါ။ ရုန်းကန်ရဦးမှာပါ။
ဒါပေမဲ့ ဒီညရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းက အားအင်အသစ်ကို ဖြည့်ဆည်းပေးနေတယ်လို့ ခံစားမိလာတယ်။

​မနက်ဖြန်ကို အပြုံးနဲ့ ပြန်လည် ရင်ဆိုင်နိုင်ဖို့...
ဒီညရဲ့ ငြိမ်သက်ခြင်းကို အပြည့်အဝ ခံစားရင်း အိပ်မောကျပါစေ။

01/11/2025

လူတိုင်းဟာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကြားက ကာလတွေမှာ ရပ်တည်နေကြသူတွေပါ။ ဒီလိုတိုတောင်းတဲ့ ခရီးမှာ ကျွန်တော်တို့ဟာ လူပေါင်းများစွာနဲ့ ဆုံတွေ့ရပေမယ့်၊ တကယ်တမ်း စိတ်ချင်းနီးစပ်ပြီး နားလည်မှု ပေးနိုင်တဲ့ လူတွေကတော့ လူနည်းစု သာ ဖြစ်နေတတ်တယ်။

​တခါတရံ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေ အများကြီး ရှိနေပေမယ့်လည်း နားလည်ပေးမယ့်သူ၊ စိတ်ချင်း ဆက်နွယ်မိမယ့်သူ မရှိတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် အထီးကျန်သလို ခံစားရတယ်။ လူများစုရဲ့ လမ်းကြောင်းနဲ့ မတူတဲ့ ကိုယ့်ရဲ့ ခံယူချက်တွေ၊ စိတ်ကူးတွေကြောင့်လည်း တစ်ခြားစီ ဖြစ်နေတတ်တယ်။

​ဒီလို အခြေအနေမှာ အရေးကြီးဆုံးက...
​တန်ဖိုးရှိတဲ့ ဒီအချိန်တွေကို ဘယ်လိုသုံးမလဲ။
​လူနည်းစုနဲ့သာ ကြုံတွေ့နေရလို့ စိတ်ပျက်နေမယ့်အစား၊ ကိုယ့်ရဲ့ ရှင်သန်နေတဲ့ တန်ဖိုးရှိတဲ့ အချိန်တိုင်းကို အခြားသူတွေအတွက် မဟုတ်ဘဲ၊ ကိုယ့်အတွက်သာ အသက်ရှင်ဖို့ လိုအပ်တယ်။

​ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်ပါ။​ တခြားသူတွေရဲ့ ဝေဖန်မှု၊ အမြင်တွေကို ဂရုစိုက်မနေဘဲ ကိုယ့်ရဲ့ စိတ်နေစိတ်ထားအတိုင်း နေထိုင်လိုက်ပါ။ ​အတိတ်ကို ပြန်မကြည့်ဘဲ၊ နောင်တကင်းကင်းနဲ့ ပစ္စုပ္ပန်ကိုသာ အပြည့်အဝ ခံစားပါ။

​လူနည်းစုဖြစ်နေလို့ စိုးရိမ်မနေပါနဲ့။ ကိုယ်နဲ့ တကယ် ရင်ဘတ်ချင်းတူတဲ့၊ ကိုယ့်ကို တကယ်နားလည်ပေးနိုင်တဲ့ ထိုလူနည်းစု ကို ရှာဖွေတွေ့ရှိဖို့ ပိုပြီး တန်ဖိုးရှိပါတယ်။

​ဒါကြောင့်... ဘဝဆိုတဲ့ ခရီးတိုလေးမှာ ရေစီးကြောင်းအတိုင်း မလိုက်ဘဲ ကိုယ်နှစ်သက်ရာကို ရွေးချယ်ပြီး၊ နောင်တကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ရှင်သန်လိုက်ပါ။ ဒါဟာ ရှင်သန်ခြင်းရဲ့ အကြီးမားဆုံး တန်ဖိုးပဲ ဖြစ်ပါတယ်။

20/10/2025

‎​ငိုခဲ့ရတဲ့ ရက်တွေ များလာတော့...
‎ရယ်ရမယ့် အချိန်တွေတောင် မရယ်နိုင်တော့ဘူး။

‎​ဘဝမှာ အသည်းအသန် ကြိုးစားခဲ့ရ၊ ခံစားခဲ့ရတဲ့သူတိုင်း ဒီလိုခံစားချက်မျိုး ရှိဖူးမှာပါ။ ပျော်ရွှင်စရာ အခွင့်အရေးတခု ရောက်လာရင်တောင် နာကျင်မှုတွေက အဲဒီပျော်ရွှင်မှုကို မှေးမှိန်သွားစေတယ်။

‎​တကယ်တော့...
‎​တခါတလေ ကိုယ်မျှော်မှန်းထားခဲ့တာတွေက ကိုယ့်လုပ်ရပ်တွေနဲ့ မသက်ဆိုင်တော့ဘူးဆိုတာ လက်ခံဖို့ အရမ်းခက်တယ်။ အခါလွန်မှ ရွာတဲ့ မိုးလို၊ အချိန်လွန်မှ ပွင့်တဲ့ ပန်းပွင့်တွေလို... အရာရာဟာ နောက်ကျသွားပြီလို့ ခံစားရတယ်။ အဲဒီလို ခံစားချက်တွေကနေ ဖြစ်ပေါ်လာတဲ့ နောင်တက ဇာတ်လမ်းတွဲတွေလို အခန်းဆက်နဲ့ ဆက်ပြီး လိုက်ခြောက်လှန့်နေတတ်တယ်။

‎​အမှတ်ပေးစည်းမျဉ်း မလေ့လာမိတော့...
‎၅ မှတ်တန် မေးခွန်းကို ၂၀ မှတ်ဖိုးလောက်တော့ ဖြေခဲ့မိတာပဲ။
‎ဘဝဆိုတာ စည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်ပြောပြမထားတဲ့ စာမေးပွဲတစ်ခုလိုပါပဲ။ ကိုယ်တန်ဖိုးထားရတဲ့၊ အားစိုက်ထုတ်ရတဲ့ အရာတစ်ခုက တကယ်တမ်းကျတော့ ကိုယ်မျှော်လင့်သလောက် တန်ဖိုးမရှိခဲ့ဘူးဆိုတာ သိလိုက်ရတဲ့ ခံစားချက်...။ အဲဒီအတွက် နောင်တတွေ ရစ်ဝဲနေတယ်ဆိုရင်တောင် ကိုယ့်ရဲ့ ရိုးသားတဲ့ အားထုတ်မှု ကိုတော့ လေးစားရမှာပဲ။

‎​ကိုယ်က အမှတ်နည်းတဲ့ မေးခွန်းကို အသက်နဲ့ရင်းပြီး ဖြေခဲ့တာဟာ မေးခွန်းရဲ့ တန်ဖိုးကို မသိခဲ့လို့ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ စေတနာနဲ့ မျှော်လင့်ချက် က ကြီးမားလွန်းခဲ့လို့ပါ။‎​ မရပ်တန့်သွားမယ့် ဘဝရဲ့ ဇာတ်ညွှန်းက အခန်းဆက်တွေနဲ့ ဆက်လက် လည်ပတ်နေတုန်းပါပဲ။

နောင်တတရားကို အဆုံးသတ်ပြီး၊ ရယ်မောရမယ့် ဇာတ်လမ်းအသစ်တစ်ခုကို စတင်ဖို့ အားယူလိုက်ပါပြီ။

18/10/2025

‎​တွေ့ဖူးသမျှကို ပြောပြရရင်... လူသုံးမျိုးကိုပဲ အဓိက ဆုံဖူးခဲ့တယ်။

‎​၁။ ခေါင်းပုတ်ပြီး ဆုံးမပေးတဲ့လူ

‎ဒါကတော့ ကိုယ့်အပေါ် စေတနာထားပြီး မှားတာကို ထောက်ပြ၊ ရှေ့ဆက်လျှောက်ရမယ့် လမ်းကို ပြပေးတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ ဆုံးမစကားက တခါတလေ နာကျင်ပေမယ့် ကိုယ့်ဘဝအတွက် လမ်းပြကြယ်တွေလို တန်ဖိုးရှိသူတွေပေါ့။

‎​၂။ ပုခုံးဖက်ပြီး ဖြေသိမ့်ပေးတဲ့လူ

‎ဒါမျိုးကတော့ ကိုယ်လဲကျနေချိန်၊ ပင်ပန်းနေချိန်မှာ အားပေးကူညီဖို့ အမြဲအသင့်ရှိသူတွေပါ။ ဘာမှ အများကြီး မပြောဘဲ ကိုယ့်ရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေခံစားပေးတတ်တဲ့၊ ယုံကြည်အားကိုးရတဲ့ အဖော်ကောင်းတွေပါပဲ။

‎​၃။ ခြေထောက်ကနေ ဖြတ်ကန်ချင်တဲ့လူ

‎ဒါကတော့ ကိုယ်အောင်မြင်တာ၊ တိုးတက်တာကို မလိုလားသူတွေ၊ ကိုယ့်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ပြုတ်ကျအောင် တွန်းချချင်တဲ့သူတွေပေါ့။ ကိုယ် ဘယ်လောက်ကြိုးစားပါစေ၊ နောက်ကွယ်ကနေ အမြဲတမ်း နှောင့်ယှက်ဖို့ ကြိုးစားနေတတ်တဲ့ လူတွေဖြစ်ပါတယ်။
‎​"ကြုံတိုင်းရွာက တက်လာသူတိုင်း သိပြီးသားမို့ ဆက်မပြောချင်တော့ပါဘူး။"

‎​ဘဝမှာ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်ခဲ့ရသူတိုင်းဟာ ဒီလူသုံးမျိုးစလုံးရဲ့ အရသာကို မြည်းစမ်းဖူးပြီးသားပါ။ လောကဓံရဲ့ သင်ခန်းစာတွေထဲမှာ ဒီလိုလူတွေနဲ့ ဆုံတွေ့ရတာလည်း ပါဝင်တယ်ဆိုတာကို လက်ခံနိုင်ခဲ့ကြပြီးသားပါ။

‎​ဒါကြောင့် ဘဝလမ်းမှာ ခေါင်းပုတ်ပေးသူကို ကျေးဇူးတင်၊ ပုခုံးဖက်သူကို တန်ဖိုးထားပြီး၊ ဖြတ်ကန်ချင်သူကိုတော့ သင်ခန်းစာအဖြစ် မှတ်သားထားရင်း ရှေ့ဆက်ရုံပါပဲ။

18/10/2025

‎စေလိုရာစေ
‎ငါ့ရဲ့နေ့နဲ့ ညတွေ

‎ပူပြင်းတယ့် ကောင်းကင်အောက်က
‎အသက်ရှုသံတွေ
‎ခန္ဓာကိုယ် စိုရွှဲနေအောင်
‎မညှာတာလို့ ရွာနေတယ့် ‎မိုးကြမ်းတွေ
‎တလောကလုံး အိပ်စက်နေချိန်
‎ငါမအိပ်နိုင်သေးခဲ့။

‎အခုတော့ အားလုံးခေတ္တ ပြီးဆုံးသွားပြီ။

‎အချိန်တိုအတွင်း ရောက်နိုင်မယ့်
‎အမြန်လမ်းမထက်ကနေ
‎ငြိမ်းချမ်းမယ့်နေရာဆီ
‎ငါပြန်လာနေပြီ။

‎စေလိုရာစေ အပေါင်းတို့ရေ။

18/10/2025

အမြင်မတူတာက သဘာဝပဲ...
ငြင်းခုန်နေဖို့ မလုပ်တော့ဘူး...
လက်ခံနိုင်ဖို့ ပြင်ဆင်ထားတာက
အားလုံးအတွက် ပိုကောင်းပါမယ်။

13/10/2025

ဂျာကြီးရဲ့ ကော်ဖီ

အလုပ်ထွက်ဖို့ ဆုံးဖြတ်ပြီး အခန်းထဲဝင်လိုက်တယ်။ ဂျာကြီးက မန်နေဂျာစားပွဲပေါ် တည်ငြိမ်ပြီး စိတ်ဝင်တစား သတင်းစာဖတ်နေတယ်။

"ဂျာကြီး၊ ကျွန်တော်... အလုပ်က ထွက်တော့မယ်"

ဂျာကြီး သတင်းစာကို စားပွဲပေါ်လက်ဆန့်တင်ပြီး မျက်မှန်အောက်က မျက်လုံးကြီးတွေက ပြူးထွက်လာတယ်။

ဂျာကြီး "ဟာ... မထွက်ပါနဲ့ကွာ၊ မင်းရှိမှ ဒီမှာ အလုပ်တွေ ပုံမှန်လည်ပတ်နေနိုင်မှာ၊ မင်းမရှိရင် စားပွဲပေါ်က ငါ့ဖိုင်တွေ ဘယ်သူက စီပေးမလဲ၊ ကော်ဖီကရော ဘယ်သူ ဖျော်ပေးမလဲ"။

စိတ်ထဲမှာ ချက်ချင်း ပြုံးမိသွားတယ်။ (ခက်တာက အပြုံးက မသိမသာ မဟုတ်ဘဲ၊ လည်ချောင်းထဲကနေ ဟားခနဲ ရယ်ချင်တဲ့ အပြုံးမျိုး ဖြစ်နေတာ)။

ငါ့အတွေးထဲ ဂျာကြီး စိုးရိမ်တာ ငါ့ရဲ့ ပင်ပန်းတဲ့ဘဝ မဟုတ်ဘူး၊ သူ့ရဲ့ ကော်ဖီနွေးနွေး နဲ့ အလုပ်မရှုပ်ရတဲ့ နေ့စဉ်ဘဝကို စိုးရိမ်နေတာ "မင်းရှိမှ ဒီမှာ အလုပ်တွေ လည်ပတ်တာ" ဆိုတာက "မင်းမရှိရင် ငါကိုယ်တိုင် ထလုပ်ရတော့မယ်" လို့ပြောလိုက်တာနဲ့ အတူတူပဲ။

သူ့စကားထဲမှာ ငါ့ကို တန်ဖိုးထားတာထက်၊ သူ ပိုပင်ပန်းရမှာကို စိုးရိမ်တဲ့အနံ့က ပိုမွှေးနေတယ်။

13/10/2025

ကမ္ဘာကြီးကို ပြောင်းလဲဖို့တော့ မဖြစ်နိုင်ဘူး။
ဒါပေမဲ့....
ကိုယ့်ကမ္ဘာငယ်လေးကို လှအောင်ဖန်တီးဖို့တော့ ဖြစ်နိုင်တယ်။
အဲ့ဒါက အသက်ရှင်နေထိုင်ရေးရဲ့ အဓိပ္ပာယ်တစ်ခုပဲ။

12/10/2025

‎တခါတလေ အလုပ်က ကျွန်တော်တို့ကို ပင်ပန်းအောင်လုပ်ပေမယ့်...
‎ကိုယ့်တန်ဖိုးနဲ့ အားနည်းချက်တွေ သိလာနိုင်တဲ့နေရာလည်း ဖြစ်တတ်တယ်။

12/10/2025

ဂျာကြီးရဲ့ စကား

ဂျာကြီး က “အဲ့ဒီ report ကို မနက်ဖြန် မနက်ခင်း အချောသပ် ရချင်တယ်ကွာ” ဆိုတယ်။
ကျွန်တော်က “ဟုတ်ကဲ့ ဂျာကြီး… မနက်ခင်းဆိုတာ ဘယ်အချိန်လဲ” လို့ မေးလိုက်တယ်။
ဂျာကြီး က ပြုံးပြီး “မနက်ခင်းဆိုတာ မင်းမနက်ပိုင်း report တင်ချင်တဲ့အချိန်ပေါ့” လို့ပြန်ပြောလာ တယ်။

အဲ့လိုပြောပြီး ရုံးချိန်ပြင်ပ အိမ်မှာပါ report အတွက် အာရုံစိုက်ပြီးအချောသပ်နိုင်ခဲ့တယ်။

အဲ့အချိန်မှာပဲ ကျွန်တော်သိလိုက်ရတာ
ဂျာကြီး တစ်ယောက်ရဲ့ “မနက်ခင်း” ဆိုတာက
ဝန်ထမ်းတစ်ယောက်ရဲ့ “ညလုံးလုံး” ဖြစ်တယ်ဆိုတာပါပဲ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00