Knowledge Bank

Knowledge Bank

Share

Those who have knowledge, don't predict. Those who predict, don't have knowledge.

06/06/2023

( ဘုန်းကြီးပျံပွဲ )......................

ကြီးပြင်းခဲ့ရတာက
ရွာဓလေ့နဲ့ အညာအငွေ့အသက်တွေ
တင်းပြည့်ကျပ်ပြည့်လွှမ်းခြုံနေတဲ့ ရွာကြီးတစ်ရွာ....

ရွှေဘို မန္တလေး
ကားလမ်းမဘေးမှာရှိပေမယ့်
အဲ့ဒီအချိန်ကတော့ သိပ်ရယ် မဖွံ့ဖြိုးလှသေး....

ပျော်စရာရွှင်စရာ
ပွဲရယ်လမ်းရယ်လို့လဲ မရှိလှ
နောက်တော့မှ တနှစ်တခါ ဘုရားပွဲကြီးကျင်းပခွင့်ရတယ်..

အဲ့ဒီမတိုင်ခင်ကတော့
ဇာတ်ရယ်ဘာရယ်ဆိုတာမျိုးက
ဘုန်းကြီးပျံကျမှဘဲတွေ့ရ..ပွဲခင်းကြီးနဲ့ ဈေးတန်းကြီးတွေနဲ့ပေါ့...

ကရဝိတ်ဖောင်တော်ပေါ်မှာ
ဆရာတော်ဘုရားရုပ်ကလပ်တော်တင်ပြီး
အပျိုတွေကလဲ လှေလှော်ယိမ်းနဲ့ ရပ်ကွက်အလိုက် လှည့်ကြ..

လှိုင်း..လှေတီးလှေတီး..လှော်
ယီးလေး..လေ့ ယီးလေ့ ဘာညာဘာညာပေါ့
သိပ်တော့ မှတ်မိတော့ပါဘူး..ပျော်ခဲ့ရတာဘဲသိတော့တယ်....

ကျပ်ကျပ်ပွဲငတ်လာရင်
ဘယ်ရွာဘုန်းကြီးနေမကောင်းဖြစ်လဲ နားစွင့်တော့တာကလား
ခုများမှ ပြန်တွေးမိ..ငါ့ ငရဲကြီးလိုက်မယ့်ဖြစ်ချင်းဟာ..လို့

နောက်..နေ့လည်ခင်း
ဧယဉ်များကျူးပြီဟေ့ဆိုရင် လူကြီးလူငယ်အကုန်လုံး
အညာနွေရဲ့ နေပူကျဲကျဲအောက်မှာ ပြုံတိုးပြီး ထိုင်ကြည့်ရတာဘဲ...

မင်းသမီးကလဲ
မြို့ပေါ်တက်ပြီး ဇာတ်ထဲကနေ ငှါးထားရ
အဆိုအငိုဆိုတာ ပိုင်မှပိုင်...ဇာတ်လမ်းဇာတ်ကွက်ကပါသေး..

နတ်သိကြားတွေက
ဆရာတော်ရုပ်ကလပ်ကို နတ်ပြည်ပင့်ဖို့လာ
မင်းသမီးက ပန်းပုခက်ကြီးကို နတ်တွေဆီက အတင်းပြန်ဆွဲ....

အမယ်လေး ဆရာတော်ဘုရားရဲ့
တပည့်တော်မတို့ကို ထားခဲ့ပြီလားဘုရားဆိုပြီးတော့
ရုပ်ကလပ်တင်ထားတဲ့ ပန်းပုခက်ကြီးကိုလွှဲလွှဲပြီး
နိဗ္ဗိန္ဓတေးထပ်တွေနဲ့ ဆိုလိုက်ငိုလိုက်တာမျန်း
မြင်ရသူ ရင်ထဲဆို့ရော....

တခါတေလဆို
အဝေးရောက်နေရာကနေ
ကျေးဇူးရှင်ဆရာတော်ဘူရားကိုဖူးမျှော်ဖို့
အပြေးပြန်လာရှာတဲ့ မောင်နှမနှစ်ယောက်ပေါ့...

အော် နှမရေ..နှမရဲ့
လကဆုန်နွေရဲ့ နေပူပူကြီးမှာ
အရိပ်မသာတဲ့ ကန္တာရပင်ထီးထီးတွေကြားက
တို့မောင်နှမ မောကြီးပန်းကြီးခရီးနှင်လာလိုက်ကြတာ
ဘာလိုလို့နဲ့ ရွာထိပ်တောင် လှမ်းမြင်ရပါပကောလား..နှမရဲ့

ဟုတ်ပါရဲ့ မောင်ကြီးရယ်
ရွာဦးစေတီက ဆွဲလည်းသံလေးတွေတောင်ကြားနေရပါပေါ့
ကျေးဇူးရှင်ဆရာတော်ဘုရားကို အားရပါးရကြီး ဖူးရတော့မယ်
ဝမ်းမြောက်လိုက်ပါဘိ မောင်ကြီးရယ်..

အလို..နှမရေ
ရွာသူရွာသားဒေကလဲ စုစုရုံးရုံးနဲ့
ဆရာတော့်ကျောင်းဖက် သွားနေကြပါရောလား...

အော်..မောင်ကြီးရယ်
အလှူရေစက် လက်နဲ့မကွာတဲ့ လူမျိုးမို့လား
သာသနာ့နုဂ္ဂဟ ပဗ္ဗဇ္ဇမင်္ဂလာ ဆိုတဲ့အတိုင်း
သားသမီးများ ရှင်ပြုကြထင်ပါရဲ့...

အင်း....
ထူးလှတယ် နှမရေ
ရှင်ပြုနားသချိန်ခါ မဟုတ်ကြသလို
ဆရာတော်ဘုရားရဲ့ ဝိဇာတမင်္ဂလာလဲ ကျော်ခဲ့ပြီနှမရဲ့...

မောင်ကြီးရယ်
ပြောခါမှ နှမရင်တွေပူလှတယ်
ဆရာတော်ဘုရားဆီရောက်အောင် အမြန်သာသွားကြစို့ရဲ့....

ဗုံတောက်လေးနဲ့ပေါ့ဗျာ
ဒီလိုနဲ့ ရောက်သွားတော့ အကြောင်းစုံသိပြီး
ဆရာတော့်ဂုဏ်ကျေးဇူးတွေဖွဲ့နွဲ့ ဝမ်းနဲပက်လက်ငို...

တွေးမိသေးတယ်
ဒီလောက်ကျေးဇူးတွေများတာ
ဒီမိန်းမကြီး ဆရာတော်ဘုရားဆီ ဘာလို့မလာပါလိမ့်
ငါ နေ့တိုင်းဆွမ်းပို့နာ တခါမှကိုမတွေ့မိဘူးပေါ့...

ကလေးကိုးဗျ
ခနတွေးမိပြီး အဆိုအငိုမှာမျော
အနုပညာမှော်များ သိပ်အားကြီးတာကိုး...

ငိုလို့မှ မကြာဘူး
ဘုရင့်ရဲမက်တွေက တစခန်းထ
အချိန်လင့်ပြီ... မင်းဆရာမို့ ရုပ်ကလပ်ကို နန်းတော်ပင့်ရမယ်
ဒါမင်းတရားကြီးအမိန့်ဘဲဟေ့...ထလုပ်ရော

အော်ကြဟစ်ကြ ငြင်းကြခုံကြ
ရုပ်ကလပ်တော်ကို ဆွဲကြလွဲကြပေါ့
နောက်ဆုံး ညှိတယ်..လာဘ်ထိုးရင် စိတ်တိုင်ကျဖူးစေပေါ့...

ငိုပြီပေါ့ မင်းသမီးက
အသပြာမရှိတဲ့ မျက်နှာမွဲသူဆင်းရဲမောင်နှမကိုမှ
လာဘ်ငွေအဖိုးအခနဲ့ နှိပ်စက်ကလူပြုရက်တယ်..

အမ်မယ်မင်း..ဆရာတော်ဘုရားရဲ့
တပည့်တော်မတို့အဖြစ်ကို ထကြည့်လှည့်ပါအုံးဘုရား...

ဘာပြောကောင်းမလဲ
ပရိတ်သတ်ကြီးခမျာ မျက်ရည်လည်ရွဲနဲ့
အကိုဖြစ်သူက ငွေဖလားလေးဆွဲပြီး လူအုပ်ထဲဆင်း အလှူခံ
လာဘ်ထိုးဖို့ ပိုက်ဆံဆိုတော့ ထည့်ကြပြီလေ...

အမယ်ကြီးတွေ ငိုကြီးချက်မနဲ
ချွေးခံအင်္ကျီမှာ တွယ်ချိတ်နဲ့ချိတ်ထားတဲ့
အိတ်ညစ်ညစ်ကလေးထဲကနေ ပိုက်ဆံလေးတွေ
အလိပ်လိုက် ထွက်ရပါရောလား...

မောင်သန့်တို့ကလေးများကတော့
မျက်ရည်ဝဲနေတဲ့ကြားကနေ အံတကြိတ်ကြိတ်နဲ့
ရဲမက်တွေကို လေးခွနဲ့ ပစ်ချင်လှပြီ...

ဒီလိုနဲ့ ဆိုငိုပြီး
ဧယဉ်ကျူးပွဲကြီးပီးပြီလဲဆိုတော့
ပရိတ်သတ်တွေလဲ ဖုတ်ဖက်ခါပြီး ထပြန်ကြ...

ကျုပ်နဲ့ ရွှေမန်းက
ဟိုမောင်နှမကို သနားလို့ မပြန်နိုင်သေးဘူး..

ရွှေမန်းဆိုတာ ညီဝမ်းကွဲ
ဘယ်လိုကူရင်ကောင်းမလဲလို့ အကြံထုတ်ကြတယ်
ဘာလုပ်ရမှန်းလဲမသိတော့ ဧယဉ်ကျူးစင်နား ယောင်လည်လည်...

မကြာပါဘူး
ရဲမက်လုပ်တဲ့လူတွေ
အရပ်ဝတ်နဲ့ ထန်းတောဖက် ထွက်သွားတာတွေ့ပါလေရော...

ဟန်ကျဘီဟေ့
ရွှေမန်း မင်း အဲ့လူတွေကြည့်ထား
ဇာတ်စင်နား ပြန်မလာစေနဲ့..လာရင် လေးခွနဲ့သာဆော်..

ဒီကောင့်လက်က စိတ်ချရတယ်
ဧည့်သည်လာရင် ချက်ကျွေးဖို့ သူဘဲ ကြက်လိုက်ပစ်ရတာ...

ဟုတ်..အကို
လောက်စလုံးနဲ့တင်မကဘူး
လေးခွထဲ ကျောက်ဒိုးထည့်ပီးတော့ကို တီးပစ်မယ်..

အေး..ချပစ်ကွာ
ငါ ဟိုမောင်နှမဆီသွာမယ်ဆိုပြီး
ဧယဉ်ကျူးစင်နောက် ပုန်းရှိုးကွယ်ရှိုးနဲ့ဝင်သွား..

အဒေါ်ကြီး..လို့
အသံခပ်အုပ်အုပ်နဲ့ လှမ်းခေါ်လိုက်တော့
မိတ်ကပ်တွေဖျက်နေတဲ့မင်းသမီး လန့်သွားတယ်....

ဟဲ့..ပလုပ်တုပ်
ဘာတုန်းဟဲ့ ဒီကလေး..ဘယ်လိုဝင်လာတာလဲ
မေးတော့ မောင်သန့်က ရင်ကော့ဖြေတယ်....

ကူညီမလို့ဗျ....

မင်းသမီး နားမလည်သလိုကြည့်...

ခင်ဗျား ခုနက
ရဲမက်တွေနဲ့ ဆရာတော်ကို လုနေတာမဟုတ်လား...

မင်းသမီး မျက်လုံးကြီးတွေပြူးသွားတယ်...

ခု ဟိုရဲမက်တွေ
ပွဲခင်းအကျော်က ထန်းတောဘက်ထွက်သွားပြီဗျ
ခင်ဗျားကြီး ရုပ်ကလပ်ကို ဒီအချိန် မ,ပြေးရင် အကိုက်ဘဲ...

မင်းသမီး ရင်ဘတ်ဖိပြီး ဘုရားတ...

ကျုပ်နဲ့ရွှေမန်း
ဝိုင်းကူထမ်းပြီး လှည်းပေါ်တင်ပေးမယ်လေ....

မင်းသမီး လန့်ပြီး ထခုန်တယ်.....

မြန်မြန်လုပ်ဗျ
ဟိုလူတွေပြန်လာရင် ကျုပ်တို့ပါဒုက္ခရောက်ကုန်မယ်....

ဘာပြောကောင်းမလဲ
မင်းသမီး ဆဲလွှတ်တော့တာဘဲဗျို့....

ကြောက်လို့သာပြေးခဲ့ရ
ညီအကိုနှစ်ယောက်သား ဘယ်ကျေနပ်ပါမလဲ
အကောင်းလဲ ကူရသေးကွာဆိုပြီး တောက်တခေါက်ခေါက်နဲ့ပေါ့...
ငယ်ဘဝတွေဟာ
လွမ်းမောပျော်ရွှင်ဖွယ်ရာတွေ များစွာနဲ့ပါဘဲ...

Ahogyi ...မှ.ကူးယူဖော်ပြပါသည်

Want your school to be the top-listed School/college in Malacca City?
Click here to claim your Sponsored Listing.

Category

Address


Malacca City