Creator Mate
ကိုယ်တိုင်ခံစား ဝတ္ထုများ
အခန်း (၁၂) ဘဝကံကြမ္မာ
တပ်နန်းကို ပြန်မရောက်တာ လအတော်ကြာနေပြီ။ ရှေ့တန်းထွက်ရင်း အောင်ပွဲရမှ နားမည်ဆိုသော တပ်သားများစိတ်ဓာတ်ကြောင့် အတူအောင်မြင်ခဲ့ခြင်းသာ။
တဲနန်းသို့ ပြန်ရောက်တော့မှ ရောက်နေသော စာများကို တစုတစည်းကောက်ယူပြီး ဖတ်ကြည့်ရသည်။
ထူးထူးခြားခြား အကိုတော့်ဆီမှစာ ဖတ်ကြည့်မိသည်။ ကက္တိရရဲ့ မယားက ကျားငယ်လေး ၉ ကောင် မွေးတာတဲ့ကိုး။ ဒါကြောင့်လည်း တပ်ဝန်းထိပ်မှာ ကျားထီးပေါက်လေး ၈ ကောင် ဆော့နေသည်ကိုး။ သူတို့မိခင်ကတော့ တောင်ပေါ်မှာ ဆက်ရှိနေပြီး မွေးချင်းထဲက ကျားမလေးတကောင်ကို အကိုတော် ယူငင်စောင့်ရှောက်ထားသည်တဲ့လေ။ သူ့ညီမတော်ဆီကိုတော့ ကျားထီးပေါက်လေးချည်း ပို့လိုက်သည်တဲ့။
အကိုတော်နဲ့ ခက်ပါသည်။
ကက္တိရနှင့် ထပ်တူကျသည့် ဒီကျားထီး ၈ ကောင်ကို ဘယ်လို ထိန်းရပါ့မလဲ။ သခင်အတွက်ဆိုလျှင် သခင်အမိန့်ကိုပင် အာခံဖို့အသင့်ရှိနေကြတဲ့ အဖနဲ့ ဒီသားတွေနဲ့ စိတ်မြန်လက်မြန် သခင်မနဲ့ လိုက်ဖက်ပါတယ်လေ။
မန္ဒိယနဲ့ ငယ်ပေါင်းကလည်း ဆင်တော်မစီးဘဲ ကျားနဲတိုက်ချင်လို့ တောင်းနေကြလေတော့ အသင့်ပေါ့လေ။ တကောင်စီ ပေးရမှာပေါ့။
အကိုတော့်စာဖတ်ရင်း သတိပြုလိုက်မိသည်။ ရေးထားတဲ့အထဲ အကိုတော်ဓိရ၊ မန္ဒိယတို့နှင့် အတူလုပ်ဆောင်ရမည့် ကိစ္စများအပြင် ငယ်ပေါင်းရဲ့ဆရာဟောင်း ပုန်ကန်ဖို့ရည်ရွယ်နေကြောင်းလည်း အထူးရေးထားသည်။
ငယ်ပေါင်းလည်း ဒီတခါ ရှေ့တန်းမလိုက်ဘဲ ပြန်လည်ထူထောင်ရေးနဲ့ ကျန်ရစ်ခဲ့တာဆိုတော့ တွေးစရာတော့များသည်။
"အကိုတော်ဓိရ နှမတော့်ဆီ မန္ဒိယနဲ့အတူ လာခဲ့ပါလား"
တဲနန်းအပြင် အမြဲအသင့်ရှိနေကြသူတွေမို့ ခေါ်ရလွယ်သည်။
ငယ်ပေါင်းကိုတော့ ကျားစာများအကြောင်းပြပြီး ရှောင်ဖယ်ထားလိုက်သည်။ စာကို အကိုတော်တို့နှင့်အတူ ဖတ်ကြည့်ပြီး သက်ပြင်းချသည်။
"နှမငယ် အကိုတော်ပြောသည်က အလေးထားရမည့် ကိစ္စပဲ။ ဆရာဟောင်းလည်းဖြစ်သလို ညီငယ်က မျိုးနွယ်ဆက်ခံသူဖြစ်လာမည့်သူဆိုတော့ ရှေ့လျှောက်စောင့်ကြည့်ထားမှသာ တော်ကာကျမယ်။ တာဝန်ပေးတာလေးတွေကို သတိထား လျော့သင့်တာလျော့ လုပ်ရမည်နှမ။"
"ဟာဗျာ..... ဘာအရေးလဲဗျာ။ တည့်တည့်မေးပြီး နေရပ်ပြန်ပို့လိုက်တာကမှ အကောင်းဆုံးအဖြေပဲလေဗျာ။ ကျုပ်တို့ ရှေ့တန်းထွက်တော့ အမြဲလိုက်နေသူက အခုတခါမလိုက်ဘူး အကြိမ်ကြိမ် ငြင်းခဲ့တာလေဗျ။ ဒီလိုလမ်းပေါ်လာရင် ဒီလိုလျှောက်ရမယ်ဆိုတာ အဖြေကြီးသိနေတဲ့ အကိုကြီးက သတိပေးတာလေဗျာ။ အကိုတော် စိတ်ပျော့မနေသင့်ပါရော"
မန္ဒိယစကားက ပြတ်သည်။ သံယောဇဉ်ဆိုတာ သူ့မှာမရှိ။
"အကိုတော်ဘုရား၊ နှမတော်ကတော့ အခုလိုတွေးကြတာကို မနှစ်သက်ဘူးဘုရား။ ငယ်ပေါင်းသည် သူဟာ ဆက်ခံသူဆိုတာ သိသိနဲ့ နောက်ပြီး နောင်တချိန်မှာ ဘယ်လမ်းကို ရွေးချယ်ရမလဲ မသိစဉ်ထဲက နှမတော်တို့နဲ့အတူ အသက်ပင်သေသေ အမျိုးအနွယ်ပဲ စွန့်စွန့် လိုက်ခဲ့သူမဟုတ်ပါလော။ သို့ပေသည့် အကိုတော်ကြီးနဲ့ အကိုတော် မောင်တော်တို့အတွေးသည်လည်း မှန်ပါသည်။ တာဝန်များ လျော့ပေါ့တာက အဖြေကောင်းတခုဆိုပေမယ့် အရမ်းလျော့မပေးလိုက်ပါနဲ့။ ကိုယ့်လူဖြစ်ချင်နေသူ၊ သူ့အတွက် အရိပ်တခု အကာတခု လိုအပ်နေချိန်မှာ သူ့ဘက်သားဖြစ်ဖို့ လမ်းဖောက်ပေးမိတာ ဒါမှမဟုတ် ဘယ်နယ်မြေမှ မကြိုဆို မလိုအပ်လို့ ပစ်ချလိုက်သလိုလည်း ဖြစ်နေပါမယ်အကိုတော်ရယ်။"
"သူ ဒီတခါ ရှေ့တန်းမလိုက်တာကလည်း အကြောင်းရှိပါလိမ့်မယ်။ နှမတော်တို့ လမ်းဖွင့်ပေးလိုက်ရအောင်ပါ။"
"အေးပေါ့ နှမရယ်။ သူ တို့တွေဘက်ကို လာချင်ရင် လာနိုင်ဖို့ လမ်းကတော့ ဖွင့်ထားပေးရမှာပေါ့ကွယ်"
"နှမတော် အကိုတော်ကြီး နောက်ထပ် မိန့်ထားတာက နန်းတော်မြေကို တဖက်လှည့် ပြန်လာကြည့်ဖို့နဲ့ ရန်သူ့နယ်မြေကို တို့တွေ မောင်နှမ သီးသန့်ဝင်ကြဖို့ပဲ။"
"ဘုရားကြီး ထီးတင်ပွဲကို မြင်စေချင်တာထင်တယ် နှမငယ်။ နောက်ပြီး ရန်သူ့နယ်မြေထဲ အလိုက်အထိုက်နေပြီး အခါအခွင့်သင့်သည်နှင့် ရန်သူ့မင်းကို သတ်ခဲ့ဖို့ဆိုလိုရင်းဖြစ်မယ်နှမရေ"
အကိုတော်ပြောပြီးသည်နှင့် ရွှတ်နောက်နောက်လေသံဖြင့်
"ဟ ! အကိုတော်ကြီးကပြောတာဆိုရင် လုပ်ရမှာပေါ့ဗျာ။ မဟုတ်ဘူးလား အကိုတော်ဗျ။ ဟီး....ဟီး....."
"အမတော်..... ကျုပ်ကိုလွမ်းနေတဲ့ လုံမပျိုတွေဆီ တခေါက်တခါ မပြန်ချင်လည်း ပြန်ရဦးမယ်ဗျာ။ ဟား....ဟား....."
မန္ဒိယ.... မန္ဒိယ....
ဒီလို မရင့်ကျက် အခြေအနေ အကဲမဖမ်းတတ်လို့လည်း စိတ်မချရတာ။ ပြန်ပြောချင်စိတ်ကို မရှိ။
"အကိုတော် ဒီလိုဆိုရင် မန္ဒိယနဲ့ ငယ်ပေါင်းကို ခဏထားခဲ့ပြီး နှမတော်တို့ နှစ်ယောက် အတူ ထီးတင်ပွဲအမှီ သွားကြမလား။ ခမည်းတော်တို့ကို အဝေးကနေ လှမ်းကန်တော့ရင်း ငယ်ပေါင်းတို့ အဆွေတော်တွေဘက်ကို လေ့လာကြည့်ကြတာပေါ့။"
"ဟာ..... အမတော်တို့ကလုပ်ပြီဗျာ။ ဘာလဲ မနာလိုတာလားဗျာ။ ကျုပ်က လုံမပျိုတွေကို မထိပါဘူးဗျာ။ အမတော်ကိုပဲ မျက်လုံးထဲရှိသူပါဗျ။ လိုက်ပါရစေဗျာ။"
"ဟဲ့ မန္ဒိယ အသင်ဘာလို့မလိုက်ရလဲ အသင်သိလား"
"မသိဘူးလေဗျာ။ အမတော်ပြောမှ သိမယ်ပေါ့"
"အေး အဲ့လိုမျိုး မသိလို့ မလိုက်ရတာ။ မှတ်ထား။ ထပ်မေးရင် ငါ့ဓါးစာထိမယ်။"
ခေါင်းကုတ်နေသော မန္ဒိယကိုကြည့်ပြီး အကိုတော်က ပြုံးလျက်ဖြေသည်။
"ကိုယ့်တိုင်းပြည်က မင်းနေပြည်တော်ကလူတွေ မသိအောင် ဝင်ရတာလေ ငါ့ညီတော်ရာ၊ မင်းလို လုံမပျိုတွေ တန်းတန်းစွဲ နာမည်ကြီးသူကို ခေါ်သွားမှတော့ ငါတို့ရောက်ကြောင်းကို စည်တီးစရာမလိုဘဲ နန်းတွင်းထိ နားပေါက်မှာပေါ့ ငါ့ညီရ။"
ထိုအခါမှ မန္ဒိယ ပြုံးလျက်
"အမတော်ရဲ့ မျက်စောင်းက စွာလိုက်တာ.... အဲ့လေ....
လှလိုက်တာဗျာ"
ကျမ ဓါးကောက်ကိုင်တုန်း မန္ဒိယရယ်ကျဲကျဲလုပ်နေတုန်း တဲအပြင်ဘက်မှ ငယ်ပေါင်းအသံကြားလေတော့ မန္ဒိယ အဖော်ပြုပေးမည့်ဟန်ဖြင့် ထွက်သွားလေသည်။
တကယ်ပါ ခက်ပါသည်။
"နှမ ဘယ်အချိန်သွားချင်လဲ။"
"ဒီညထွက်မယ်လေ အကိုတော်။ မြန်လေ ကောင်းလေပါပဲ။"
ရင်ထဲ စိတ်လှုပ်ရှားနေမိသည်။ နန်းတော်ကို မပြန်ရတာ ရက် လ မဟုတ်ဘူး နှစ်ချီနေပြီ။
မယ်တော့်ကို ဖူးချင်လိုက်တာ။ မယ်တော့်ရင်ခွင် ခိုနားချင်လိုက်တာ။
မယ်တော် ပြင်ဆင်ပေးတဲ့ ဆပ်သဖူးသုပ်လေး စားချင်မိတယ်။ အဲ့ဒီအသုပ်လေးအကြောင်းပြောရင် မယ်တော်ကြီးတို့ အမတော်တို့က မကြိုက်ချင်ဘူး။ နန်းတွင်းအစားအစာများထက် ကျေးတောသူအစားအသောက်ကို ခုံမင်လို့တဲ့လေ။
"နှမငယ်လေး နန်းမြို့ရိုးနားရောက်တာနဲ့ စကားပန်းဝါလေးတွေ အကိုတော် အများကြီး ခူးပေးမယ်နော်။ ငါ့နှမလေး စကားပန်း မပန်ရတာတောင် ကြာလှပြီပေါ့ကွယ်။"
အကိုတော်ပြောမှ သတိရသည်။ ရွှေနှင့်ယိုးမှား ပန်းစကားလေးတွေနဲ့အလှမ်းဝေးတာ ကြာလှပြီပဲ။
#ထီးတင်ပွဲ #အခန်းဆက်ဝတ္ထု #စကားပန်း
25/04/2026
အခန်း (၁၀) အိမ်ပြန်လမ်းမဲ့သူ
"မင်းမြတ်ဘုရား......ဇေယျသင်္ခါဗိုလ်မှူး ဓိရထံမှာ စာတော်လွှာရောက်ရှိလာပါတယ်ဘုရား"
နန်းသဘင်တခုလုံး အုန်းအုန်းကြွပ်ကြွပ်ဖြစ်သွားသည်။
ဒီသတင်းကို စောင့်စားပြီး မင်းမြတ်ကို အန္တရာယ်ပြုစေချင်သူများလှသည်မဟုတ်ပေလော။
ဒီအမယ်အိုကတော့ နန်းရေးကိုစိတ်မဝင်စားနိုင်၊ ရင်မှဖြစ်သော သမီးတော်လေး သာကြောင်း မာကြောင်းသာ သိချင်မိသည်။
"အေး..... ဖတ်တော်မူစေ"
မင်းမြတ် အမိန့်ထုတ်သည့်အခါနှင့် ဖတ်ပြမည့် အချိန်တို့သည် အလယ်နန်းဆောင် မိဖုရား မဟာသီရိမင်္ဂလာဒေဝီအဖို့တော့ ရှည်ကြာလှသည်ထင်မိသည်။
"ဘုန်းတော်မြတ် ကြီးမြတ်လှပါသော နေနှင့်လတို့ အရှင်သခင် သာသနာတော်အား ရိုသေကိုင်းရှိုင်း အမျိုးအနွယ်စောင့်သိသူ သျှီိအာယုသီရိပြည့်ရှင့် မင်းမြတ်မဟာအနန္တသူရိယစန္ဒာမင်းဘုရား......
သျှီသုရသန္ဒာနှင့် အကျွန်တော်မျိုးတို့ ဗိုလ်ခြေရွာကြီးအား ရောက်ရှိသည့် ပဏာမနေ့၌ပင် ထိုဗိုလ်ခြေရွာကြီးအား အရှင်မင်းမြတ် မေတ္တာတော် ဘုန်းတန်ခိုးတော်တို့ကြောင့် ပြန်လည်ကာကွယ်နိုင်ခဲ့ပါပြီ၊ ဘုန်းတော်ကြောင့်သာလျှင် ဖြစ်တော်မူပါသည်ဘုရား.....
သျှီသုရသန္ဒာ၏ ရဲစွမ်းသတ္တိများကြောင့်သာ တပ်စုအင်အား အနည်းငယ်သာ ဖိတ်စင်ခဲ့ပြီး ရန်သူ့တပ်များ ခြောက်ခြားတုန်လှုပ်စွာ ဆုတ်ခွာတော်မူပါတယ်ဘုရား.....
အကျွန်တော်မျိုးတို့ သမားတော်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ဗိသုကာပညာရှင်များနှင့်အတူ ရွာစောင့်တပ်သားများကို ဗိုလ်ခြေရွာတွင် ထားရှိခဲ့ပြီးလျှင် ရန်သူ့နယ်မြေသို့ ဝင်ရောက်ကျူးကျော်ကြမည်ဖြစ်ပါသောကြောင့် ဘုန်းတော်အရှင်ဘုရား အမိန့်တော်ပြုပါရန် အသနားခံ မေတ္တာတောင်းယူပါသည်ဘုရား...."
နန်းသဘင်တခုလုံး တိတ်ဆိတ်ကုန်ကြသည်။ သျှီသုရသန္ဒာနှင့် သားတော်များ အောင်ပွဲကို လက်မခံချင်ကြသူများ အထင်းသားပေါ်လာသည်။ သျှီအာယုသီရိပြည်သမိုင်းတွင် ထိုသို့ ထူးချွန်သော အရှင်သခင်မ ပေါ်ထွန်းမည်ကို မလိုလားကြသူ များပြာလှပါသည်တကား......
ထိုအခါတွင် မိဖုရားခေါင်ကြီး သိဂ္ဂီရွှေနရီမှ လျှောက်တင်မည့်ဟန်ပြုလေသည်။ ဘာများပြောပါလိမ့်မည်ကို စိုးထိတ်မိသည်။
"မင်းမြတ်ဘုရား..... ယခုအောင်နိုင်ပွဲတွင် တခါမျှ နန်းရင်ပြင်ပ မထွက်ခွာဖူးတဲ့ အသက် ၁၀ နှစ်အရွယ်သာရှိသော ကလေးငယ် အဘယ်သို့ အောင်နိုင်တော်မူလဲ သိချင်မိပါသည်ဘုရား၊ ရဲရင့်စိတ်တို့သည် မင်းမြတ်ဆီကပင် သက်ဆင်းလာလေးသလား သိချင်စိတ် တောင့်တမိပါသည်ဘုရား"
"အို.... သေချာလေပြီ။ မိဖုရားခေါင်ကြီး သိတော်မူလေချေပြီ။ ဒီလိုဆို ငါ့ရဲ့သမီးတော်လေး ဒုက္ခအတိရောက်ရချေရဲ့"
အလယ်နန်းဆောင်မိဖုရား ရင်ပူမိနေချေပြီ။
"ကဲ့..... မိဖုရားခေါင်ကြီး သိလိုသည်ကို လျှောက်တင်လိုက်ကြစမ်းပါဦး၊ ငါကိုယ်တော်ထင်သည်တော့ အကုန်သိနှင့်လောက်ပြီယုံကြည်မိတာပဲ"
သက်တော်ရှည် အမတ်ကြီးမှ လျှောက်တင်လေသည်။
"မင်းမြတ်ဘုရား..... သျှီသုရသန္ဒာသည် သျှီအာယုသီရိပြည်နှင့် မထိုက်တန်ပါဘုရား။ မည်သို့ပင် စစ်ပွဲဖြစ်နေပါစေမူ စောင့်ထိန်းအပ်သော သီလနှင့် စည်းမျဉ်းများရှိသည်ကို သိသော်ငြား တမင်ဖောက်ချိုးခဲ့သည်ကို သိရှိရပါသည်ဘုရား။
ထိုအရာသည် ရှေးရှေးမင်းမြတ်များကိုပါ မထီမဲ့မြင် ဥပေက္ခာထားလျှက် မိမိကိုယ်ကို မင်းမြတ်အသွင် ထီးနန်းပြုမူပုံသက်ရောက်ပါသည်ဘုရား။"
ထိုစဉ် မိဖုရားခေါင်ကြီး၏ အကိုတော်ဖြစ်သူ တောင်သမန်ပိုင်စား အမတ်မှ ထပ်မံလျှောက်တင်လေသည်။
"မင်းမြတ်ဘုရား...... သျှီသုရသန္ဒာသည် စစ်ပွဲရမ္မက်လွန်စွာကြီးသူဟု တိုင်းသူပြည်သားများအကြား သတင်းပျံနေပါသည်ဘုရား။ စစ်ပွဲ၏ အရှိန်ကို မည်သည့်အခါ ရပ်ရမည်မသိ၊ လူ့အသက်ကို မြက်တပင်နှုတ်ယူသကဲ့သို့ တန်ဖိုးမထား ရက်စက်ကြမ်းကြုတ် ရိုင်းပြလွန်းလှသည်မှာ အကျွန်တော်မျိုးတို့ တိုင်းပြည်ဂုဏ်ကို ညှိုးနွမ်းစေကြောင်းပါဘုရား"
သိပ်ကို ပြောင်မြောက်လေသော ဗျူဟာများပါလေ။
မိဖုရားခေါင်ကြီး၏ သမီးတော်သည်သာ နန်းမွေရစေဖို့ တောင်နန်းစံမိဖုရား သားတော်ဖွားမြင်တော်မူ၍ နင်းတွင်းဝင်ရောက်ခစားမည့်အရေးကို နှစ်များစွာကြာအောင် ပိတ်ဆို့ထားခဲ့သူ။
တောင်နန်းစံမိဖုရား သားတော်ဖွားမြင်မှုကြောင့် မိဖုရားခေါင်ကြီး မဖြစ်နိုင်စေဖို့ ထိုသားတော်သည် မင်းမြတ်သားတော်မဟုတ်ကြောင်းဖြင့် တားကြ၊ သားတော်လေးသည် ပညာချို့တဲ့သူ စစ်ရေးအရာနိမ့်ပါးသူအဖြစ် သတင်းလွှင့်ခဲ့ကြလေသူ။
ထိုသူတို့အတွက် မြှားဦးသည် ယခုတော့ အလယ်နန်းဆောင်မိဖုရား ငါ့အပေါ် ကျရောက်လာချေပြီပေါ့။
ဒီနန်းတွင်း ဝင်ရန် စိတ်တမြူပင်မရှိခဲ့။ မောင်တော်ဘုရားကို သာမန်ပြည်သူအရွယ်ထဲက စတင်သိရှိခဲ့ရသူ၊ ချစ်ခင်စုံမက်စိတ်ဖြင့်သာ မောင်တော်ဘုရား လိုအပ်ချိန် လက်ရေတပြင်တည်း ရင်ပေါင်တန်းလျက် တိုက်ပွဲများစွာ အတူဝင်ခဲ့သည်။
ထို့ထက်ပို၍ တောင်းဆိုရန် စိတ်မရှိခဲ့။
မောင်တော်ဘုရား သမီးတော်လေး လိုချင်သည်ဟု ပြင်းပသောဆန္ဒစိတ်ကြောင့်သာလျှင် ကလေးရတနာရရှိပြီး ဆန္ဒအတိုင်းသာ ဒီသမီးတော်လေးကို ဖွားမြင်နိုင်ခဲ့သည်။
ဖွားမြင်ချိန်မှာလည်း အခါမသင့် ကွယ်မည်စိုးသော်ကြောင့် နန်းတွင်း၌ပင်မနေရဲခဲ့၊ ကိုယ့်မိဘဇာတိ၌သာ ဖွားမြင်ခဲ့သည်။
မည်သို့ပင် ကာကွယ်ပါစေ၊ မည်သို့ပင် ဖုံးထားပါစေ၊ ရန်လိုမည့်သူကတော့ ရန်လိုမည်သာဖြစ်သည်။
ယခုတော့ မင်းမြတ်အမိန့်သာ စောင့်ရုံအပြင် မတတ်နိုင်။
အမိအဖရိုသေလွန်းသော သား၊ အမျိုးအနွယ်ကို စောင့်သိလေသူမင်းမြတ်အတွက် နန်းမွေပြဿနာ မဖြစ်စေဖို့ အလွန်တရာ ချိုးနှိမ်ရို့ကျိုးသော သားတော် နှင့် အဖမျက်နှာသာ ဘဝထင်သော သမီးတော်ငယ်လေးရှိနေသည် မဟုတ်လော။
ဒီအမယ်အို ဘာများ ကြားဝင်နိုင်ပါ့မည်နည်း။
"ငါကိုယ်တော်လည်း ဒီအရေးကြားပြီးထဲက အိပ်မပျော်နိုင်ခဲ့ချေဘူး။ သျှီသုရသန္ဒာရဲ့ ခြောက်ခြားဖွယ်ရာ စိတ်ထားက ဒီနန်းတော်ကို
လှုပ်ခတ်လာမည်ကို စိုးရိမ်မိသည်။ ငါကိုယ်တော်ရဲ့ ထီးနန်းကိုပါ အန္တရာယ်ပြုစေမည်ဟု ယုံကြည်မိသည်။"
"အမတ်ကြီးများ စိတ်လုံခြုံစေဖို့ရာ၊ တိုင်းသူပြည်သားများ အိပ်စက်အနားယူနိုင်စေဖို့ရာ ငါကိုယ်တော်မြတ် အမိန့်ထုတ်မည်။ နာခံကြလော့"
"မှန်လှပါဘုရား...." အသံများက ညီညာလျက် ဝမ်းသာနေကြသည်။ အင်း..... ဒီအတိုင်းဆို သျှီအာယုသီရိပြည်ကြီး အနှစ်တသောင်းတိုင်ပါ့မလား.....
"ယနေ့အချိန်အခါမှ စ၍ သျှီသုရသန္ဒာနှင့် ပက်သက်ဆက်စပ်နေသော ကျောင်းကန်များ စေတီပုထိုးများ စာသင်ဆောင်များ ရေကန်များနှင့် လယ်ယာစိုက်ပျိုးရေးအားလုံးအား ထိုသူမ နာမည်ကဗ္ဗည်းများ ဖျောက်၍ "ပုထိုးသားကြီးများ"ဟုသာ အမည်ပြောင်းလဲ ခေါ်တွင်စေ"
"နန်းတော်ကဗ္ဗည်းကျောက်စာနှင့် နန်းမွေဆက်ခံသူစာရင်းများတွင်လည်း ထိုသူမအား ပယ်ဖျက်ထားစေ"
"စစ်ပွဲမှ ပေလွှာများတွင်လည်း အောင်နိုင်သူနေရာတွင် ထိုသူမ နာမည်အားပယ်ဖျက်ပြီး ငါကိုယ်တော်နှင့် သူရဲကောင်း သုံးဦးဟုသာ အမည်ကျန်ရစ်စေ"
.....
"ဟာ့ ငါ့အမတ်ကြီးတို့ ဘာစောင့်နေကြတုန်း၊ ငါကိုယ်တော် အမိန့်ချပြီးပါကော"
"မှန်လှပါဘုရား၊ အမိန့်တော်မှာ အရေးယူမှု....."
"အရေးယူပြီးပါပေါ့လား၊ အမောင်မင်းတို့ လိုချင်သကဲ့သို့ နန်းမွေမှာ ပယ်ဖျက်လိုက်ပြီမဟုတ်လော၊ ဘယ်နှယ့်တုန်း မိဖုရားခေါင်ကြီး ကျေနပ်တော် မူမိပါရဲ့လား"
"အို...မောင်တော်ဘုရား ဘယ်သို့ဘယ်ပုံ ပြောတော်မူပါစ။ နှမတော် မိဖုရားခေါင်ကြီးမှာ ဒီလိုစိတ်ထား မရှိဝံ့သူပါဘုရား။ မိမိဂုဏ်ဖြင့် ယခုလို ပြုမူမည်ဟု မောင်တော် အဘယ်သို့ တွေးဝံ့ပါသလဲဘုရား"
"အမတ်ကြီးတို့ အရေးယူစေချင်သကဲ့သို့ အရေးယူမှုမျိုး ငါကိုယ်တော်မလုပ်နိုင်ပေ။ သားသမီးဖြစ်သောကြောင့်မဟုတ်ချေ။ သျှီသုရသန္ဒာသည် ငါကိုယ်တော်မြတ်သာလျှင်ဖြစ်သောကြောင့်ဖြစ်သည်။ ငါနှင့် စိတ်တသားထဲရှိသူကို အရေးယူချင်သပါ့ဆို ထိုသူမကဲ့သို့ ရန်သူ တထောင်ကို တနေ့ထဲနဲ့ သတ်နိုင်တဲ့အခါ ငါကိုယ်တော်ကိုပါ ယူတော်မူကြစေ"
"ဘုန်းတော်ဘုရား မဝံ့ပါဘုရား၊ အမိန့်တော်ရုတ်သိမ်းပါဘုရား" အမတ်ကြီးတို့ စိတ်ထိန်လန့်နေကြပြီ။
"အေး ထိုသို့ဆိုလျှင် ငါကိုယ်တော် ပဏာမပြောသော အရေးယူမှုကိုသာ စာရင်းတင်ချေလေတော့။ ထိုသူမကိုလည်း အမိန့်တော် ထုတ်ပြန်လိုက်ချေ။ အလယ်နန်းဆောင်မိဖုရား၊ အခြားမိဖုရားများနှင့် သားတော်များတို့ မိခင်များစာပေလွှာရေးချင်သပါ့ဆို ရေးခွင့်ပြုလိုက်ကြစေ"
"စစ်ပွဲ၌ လိုအပ်နိုင်မည့် အရာများနှင့် ဆေးမြစ်အမယ်အစုံ၊ နွား နှစ်ထောင်၊ ကျွဲ တထောင်၊ ကြက် ငါးထောင်နှင့် သီးနှံမျိုးစေ့မျိုးစုံ တင်းငါးရာ ထည့်ပေးလိုက်ချေ။ ဗိုလ်ခြေရွာတွင် ထားသင့်သည်ထားပြီး ရှေ့လျှောက် ရန်သူ့နယ်မြေကျူးကျော်ချိန် လိုအပ်သည်များ ယူဆောင်သွားစေ။ ရန်သူ့နယ်မြေသို့ စိတ်တိုင်းကျ ကျူးကျော်ပြီး ပြန်ဆုတ်လိုက အမိန့်စောင့်ဆိုင်းရန်မလိုပဲ ပြန်နိုင်စေ။"
"ကဲ.... အမောင်မင်း နောက်ထပ်အရေးတခု ဆက်သွားကြပါစို့လား၊ ယခုအတိုင်းဆို တနေကုန်ချေ့မည်။ သျှီသုရသန္ဒာအကြောင်းဆက်ရလွန်းလို့ အမောင်မင်းတို့ အိမ်မက်ထဲ ပါနေပါဦးမည်"
မောင်တော်ဘုရား ယခုရှိသော မျက်နှာ အမူအရာကို ချစ်ခင်စုံမက်မိစဉ်ထဲက တကြိမ်မျှပင် မတွေ့ဖူးချေ။
မောင်တော် ဝမ်းနည်းခြင်းကို မြင်တွေ့ဖူးသော်လည်း ယခုက ထို့ထက်ပိုသည်။
နှလုံးအိမ် ကွဲကြေသောအမူအရာဟုခေါ်ဆိုရလေမည်လား။
ဒီအမယ်အိုအတွက်ကတော့ အေးချမ်းမိပါသည်။
နန်းတွင်းဆိုတာ ဘာနဲ့ထုထားသည်မှတ်ကြလို့လဲ။
အစားတလုပ် အသွားတလှမ်း ဘယ်နေ့ အဆိပ်မိမည်လဲ ထိတ်လန့်နေရသော ကြောက်မက်ဖွယ်ရာ ထောင်နန်း။
တော်လွန်းလျှင် အသတ်ခံရနိုင်သကဲ့သို့ ညံ့လွန်းပြန်လျှင်လည်း စောစီးစွာ ကံကုန်တတ်သည်မှာ နန်းတွင်းပင်ဖြစ်သည်။
အခုတော့ ငါ့ရင်မှဖြစ်သော သမီးတော်လေး ရှင်သန်နိုင်ပြီလေ။
ရန်သူသတ်၍ မသေနိုင်သော သမီးငယ်လေး......
အခုကဲ့သို့ပင် ရှုပ်ထွေးလှစွာသော မိသားစုရေး၊ နန်းတွင်းရေးရာများကြား မရုန်းနိုင် ရောက်ရှိခဲ့ရသော် ဘဝဆက်တိုင်း အကြောင်းမရှိ အထီးကျန်လျှင်ကျန်ရပါစေ အထင်လွဲချင် လွဲကြပါစေ ထိုအတိုက်အခိုက် ထိုပူပင်သောက ထိုစိတ်သောကနှင့် အပြန်အလှန် တိုက်ခိုက်ရမှုများမှ လွတ်မြောက်ခွင့်ရပါစေလေ.....
#သျှီသုရသန္ဒာ #အခန်းဆက်ဝတ္ထု
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok