Dhamma
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Dhamma, บุคคลสาธารณะ, Bangkok.
29/05/2026
"ကုသိုလ်ကံ မပါလို့ရှိရင်”
ဘုန်းကြီးတစ်ခု ပြောပြချင်တယ်။
မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ကြီးဟာ
အနန္တတန်ခိုးရှင်ဖြစ်ပေမယ့်လို့
လူတစ်ယောက် ဒုက္ခရောက်နေလို့ရှိရင်
အကုသိုလ်ကံတွေ
ကြီးမားလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ကို
မြတ်စွာဘုရား ကယ်လို့မရဘူး။
မကယ်နိုင်ဘူး။
ကုသိုလ်မပါရင်လည်း
မြတ်စွာဘုရားက မ,မစနိုင်ဘူး။
လောကမှာ ကိုးကွယ်နေကြတဲ့
ပုဂ္ဂိုလ်တွေအလိုက်
တချို့ပုဂ္ဂိုလ်တွေက
မ,တဲ့ဘုရားကို ကိုးကွယ်ကြတယ်။
ဘုရားသခင်က မ,တယ်နဲ့ ပြောကြတယ်။
တကယ်ကတော့ ဘုရားသခင်က
မ,တာ မဟုတ်ဘူး။ ကံက မ,တာ နော်။
ကိုယ်လုပ်ခဲ့တဲ့ ကံက မ,တာ။
တလွဲသွားပြီးတော့
လွဲမှားစွာ ထင်နေမယ်ဆိုလို့ရှိရင်…
ဒါလည်း မှားယွင်းတဲ့အမြင် တစ်ခုပဲနော်။
ကိုယ့်ကို တကယ် မ,တာက
ဘုရားမဟုတ်ဘူး၊ ကံတရားပဲ ဖြစ်တယ်။
ကြည့်လေ။ မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က တရားဓမ္မဟောလို့
တရားထူး၊ တရားမြတ် ရသွားတဲ့
ပုဂ္ဂိုလ်တစ်ယောက်ကို
“ဧဟိ ဘိက္ခု - ချစ်သား ရဟန်း လာခဲ့” လို့
သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါ
လူ့အသွင်ပျောက်ပြီးတော့
ရဟန်းအသွင် ရောက်လာတယ်ဆိုတာ
ပရိက္ခရာရှစ်ပါး လှူ ပြီးတော့
ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မှ ရတာ။
လူတိုင်းကို လုပ်ပေးချင်လို့ မရဘူး။
အကယ်၍သာ ရရင် မြတ်စွာဘုရားက
ကရုဏာရှင် ဖြစ်သည့်အတွက်ကြောင့်
လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့။
ဒါဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။
ကံမပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။
ပုံဝတ္ထုလေးတစ်ခု ရှိတယ်။
သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကို
မ,ချင်တယ်။ မ,ချင်တော့
ဘယ်လိုလုပ်တုန်းဆိုရင်
အဲဒီလူက ဒီလမ်းကနေ
အမြဲတမ်းသွားတယ်။
သွားတိုင်းသွားတိုင်း
သူက အပေါ်မော့ပြီး သွားလေ့ရှိတယ်။
ဒါ့ကြောင့်မို့ သူမြင်အောင်လို့ ဆိုပြီး
ပစ္စည်းလေးတစ်ခုကို အပေါ်မှာ
ချိတ်ထားတယ်။ အဲဒီနေ့ကျတော့
ဘာလုပ်သွားလဲ? ငုံ့သွားတယ်။
ဪ ဒီကောင် ငုံ့သွားတာပဲဆိုပြီး
နောက်ရက်ကျတော့ အောက်ချထားပေးတယ်။
အဲဒီကျတော့ မော့သွားပြန်ရော။
ကံမရှိတဲ့လူကျတော့
ကြံဖန်ပြီးတော့ကို လွဲမှာပဲ၊ ဟုတ်လား။
ကူညီချင်လို့ မရဘူး။
ကံက မပေးရင် ဘာမှ မရဘူး။
ဒါ့ကြောင့် ကံကောင်းအောင်သာ
လုပ်ပေးလို့ ရတယ်။
“မာဃလုလင်” ရဲ့ဝတ္ထုကို
ဖတ်ဖူးကြပါလိမ့်မယ်။
မာဃလုလင်ဘဝက
အငယ်ဆုံးဇနီးကို သုဇာတာလို့ခေါ်တယ်။
သုဇာတာဟာ သူ့ကိုယ်သူ
ဖြီးလိမ်းအလှပြင်ပြီး နေတာ။
ကုသိုလ်ကောင်းမှု လုံးဝမလုပ်ဘူး။
မလုပ်တဲ့အခါ သေတော့
ဘာသွားဖြစ်တုန်းဆို ဗျိုင်းမ သွားဖြစ်တယ်။
သိကြားမင်းကြီးက အဲဒီဗျိုင်းမကို
နတ်ဖြစ်အောင် သူလုပ်မပေးနိုင်ဘူး။
ဘာလုပ်တုန်းဆိုရင် နည်းလမ်းပေးတယ်။
ဗျိုင်းဆိုတာမျိုးကလည်း
ငါးသတ်စားတဲ့တိရစ္ဆာန်မျိုးပဲ။
ပါဏာတိပါတကံ ကျူးးလွန်တဲ့ အကောင်မျိုး။
“ပါဏာတိပါတာ ဝေရမဏိ”
သီလ ဆောက်တည်ခိုင်းတယ်။
သိကြားမင်းက သူ့ဆီကို ခေါ်ချင်တာ။
ဒီအတိုင်း ခေါ်လို့မရဘူး။
ဘာလုပ်ရလဲ? သီလကျင့်ရတယ်။
သီလကို ဆောက်တည်တဲ့အခါ
ဗျိုင်းဘဝက လွတ်ပြီး
လူ့ဘဝရောက်လာတယ်။
လူ့ဘဝရောက်တော့ သိကြားမင်းက
လိုက်ပြီး စောင့်ရှောက်တယ်။
နတ်ပြည်မှာဖြစ်အောင်
သီလကို ဆောက်တည်ခိုင်းတယ်။
သီလကို ခိုင်ခိုင်မာမာ
ဆောက်တည်လိုက်ပြီ ဆိုတော့မှ
သူဟာ တတိယဘဝမှာ
နတ်ပြည်ရောက်သွားတာလေ။
အဲဒီတော့… ဘာလုပ်ရမတုန်းဆို
“ကုသိုလ်”ပဲ လုပ်ရတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
#တရား
#ပါမေက္ခချုပ်ဆရာတော်
29/05/2026
"တွယ်တာတဲ့စိတ် မထားပါနဲ့"
ဗိမ္ဗိသာရမင်းဆိုတာ လူတိုင်းကြားဖူးနေတာပဲ။
ဗိမ္ဗိသာရမင်းဟာ ပထမဆုံးအကြိမ် ဘုရား
ကြွလာတဲ့အချိန် တွေ့တွေ့ချင်း တရားဓမ္မ
နာယူပြီး သောတာပန်ဖြစ်သွားတယ်။
ဝေဠုဝန်ဥယျာဉ်ကြီးနဲ့ ကျောင်းတော်ကြီးကို
လှူဒါန်းသူဖြစ်တယ်။ မြတ်စွာဘုရားကို ရာသက်ပန်
ကိုးကွယ်ဆည်းကပ်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။
ကံမကောင်း အကြောင်းမလှလို့
ထောင်သွင်း အကျဉ်းချခံရပြီး ထောင်
အတွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရတယ်။
သူ့မှာ သောကတွေ ဒုက္ခတွေ ဖြစ်ပေမယ့်
သောတာပန် ဖြစ်နေတဲ့အတွက်
အပါယ် ကျလောက်အောင် မဖြစ်ဘူး။
သူသေတော့ စတုမဟာရာဇ်နတ်ပြည်က ဝေသာဝဏ်
နတ်မင်းကြီးရဲ့ အခြံအရံ နတ်ဘီလူးထဲမှာ သွားဖြစ်တယ်။
အောက်တန်းကျတယ်ပေါ့။ စတုမဟာရာဇ်
နတ်ဘုံဆိုတာ အောက်ဆုံးနတ်ဘုံ။
လူတုန်းက လူမင်းဖြစ်ပါလျှက်သားနဲ့
နတ်ပြည်ကျတော့ နတ်မင်းမဖြစ်ပဲ
နတ်ရဲ့ အစေအပါးသွားဖြစ်တယ်။
သူ့နာမည်က "ဇ န ဝ သ ဘ"လို့ခေါ်တယ်။
အာဠာဝက ပုဏ္ဍကတို့နဲ့ တစ်တန်းတည်း
နတ်ဘီလူး စစ်သူကြီးသွားဖြစ်တယ်။
ဘာဖြစ်လို့ ဒီလိုဖြစ်ရတာတုန်းဆိုရင်
အဲဒီဘဝကို သူက တွယ်တာလို့။
အရင်တုန်းကလည်း အဲဒီဘဝမှာ ခုနှစ်ကြိမ်
ဖြစ်ခဲ့ဖူးတယ်။ အဲဒီဖြစ်ခဲ့ဖူးတဲ့နေရာကို
စိတ်က ပြန်ညွှတ်တာ။
သူက အထက်နတ်ပြည်တွေမှာ ဖြစ်နိုင်လျှက်
သားနဲ့ သေခါနီးဖြစ်တဲ့ တွယ်တာမှုကြောင့်
အောက်နတ်ပြည်မှာ ပြန်ဖြစ်ရတယ်။
လူဆိုတာက အတွယ်ရှိတဲ့နေရာ ပြန်ပြန်
ပြီးတော့ မွေးတတ်တယ်နော်။ #သတိထား
ဒါကြောင့် အတွယ်အတာကို
တစ်ခုချင်း ဖြုတ်ပါတဲ့။
မိဘပေါ် တွယ်တာတဲ့စိတ်
ငဲ့တဲ့စိတ် မထားပါနဲ့။
သားသမီးပေါ်တွယ်တာတဲ့စိတ်
ငဲ့တဲ့စိတ် မထားပါနဲ့။
ပစ္စည်းဥစ္စာတွေပေါ် တွယ်တာတဲ့စိတ်
ငဲ့တဲ့စိတ် မထားပါနဲ့။
တဖြည်းဖြည်းချင်း တစ်စချင်း ဖြုတ်သွားလိုက်။
လူ့ဘုံ လူ့ဘဝလည်း တွယ်တာတဲ့စိတ် ငဲ့တဲ့စိတ် မထားပါနဲ့။
ဒိထက်ကောင်းတဲ့အပေါ် ရွှေ့လိုက်စမ်းပါ။
လူဆိုတာ ပစ္စည်းတွေ ဝယ်တဲ့အခါ ရွေးတတ်ကြတယ် မဟုတ်လား။
ပစ္စည်း သုံး လေးမျိုးတွေ့ရင် ပထမရွေးတယ်။
ဟိုဟာလေးမြင်တော့ ဟိုဟာလေးက ဒါထက်
ကောင်းတယ်လို့ ရွေးလိုက်ပြန်ရော။
ဒီလိုပြောင်းပြီးတော့ မယူဘူးလား။
ပစ္စည်းတွေ ပြောင်းပြောင်းပြီးတော့ ယူသလိုပဲ။
အခုလည်း စိတ်ကလေးကို ပြောင်းပြောင်း ပေးတာပေါ့၊
လူ့ဘုံထက် စတုမဟာရာဇ် နတ်ဘုံက ကောင်းတယ်။
လူ့ဘုံက အတွယ်အတာတွေကို
ဖြုတ်လိုက်ပါ။ လူပြန် မဖြစ်ချင်စမ်းပါနဲ့။
နတ်ဖြစ်အောင် ကြိုးစားပါ။
ဟော အတွယ်အတာက
နတ်ပြည်ဘက် ရောက်သွားပြီ။
တစ်ခါနတ်ပြည်မှာလည်း စတုမဟာရာဇ် နတ်ထက်
သာဝတိံသာနတ်က ပိုချမ်းသာတယ်။
တာဝတိံသာအပေါ်မှာ
အတွယ်လေးကို ရွှေ့လိုက်တယ်။
တာဝတိံသာထက် ပိုကောင်းတဲ့ နတ်ဘုံ
ယာမာနတ်ဘုံ ရှိတယ်လို့ ယာမာနတ်ဘုံပေါ်
တွယ်တာမှုက ပြောင်းမသွားဘူးလား။
ပစ္စည်းတွေ ချထားတဲ့အခါ တစ်ခုထက်
တစ်ခု ပိုကောင်းတဲ့အပေါ်မှာ စိတ်က ရောက်သွားသလိုပဲ။
• ယာမာကနေ တုသိတာ
• တုသိတာကနေ နိမ္မာနရတိ
• နိမ္မာနရတိကနေ ပရိနိမ္မတဝသဝတ္တိ
နတ်ပြည်ခြောက်ထပ် တစ်ခုချင်း
ပြောင်းပြောင်းပြီး ကောင်းသည်ထက်
ကောင်းတာတွေ ရွေးရွေးသွားလိုက်တာ
နောက်ဆုံး ဗြဟ္မာ့ပြည်။
ဗြဟ္မာ့ပြည်က ပိုကောင်းတာပေါ့။
ကမ္ဘာချီပြီးတော့ အသက်ရှည်တယ်။
ဗြဟ္မာ့ပြည်ကို တွယ်တဲ့စိတ်ကလေး
ပေါ်လာတဲ့အခါကျတော့ သူ့ကိုလည်း ပြန်ဖြုတ်တယ်။
ဗြဟ္မာ့ပြည်ဘုံဆိုတာလည်း
အသက်ရှည်ပေမယ့်လို့ မခိုင်မြဲဘူး။
တနေ့ကျရင် ပြောင်းလဲသွားဦးမှာပဲ။
အပြောင်းအလဲမရှိတာက "သက္ကာယနိရောဓ"
ခန္ဓာကိုယ်ကြီး လုံးဝချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ပဲ။
အတွယ်အတာတွေ ဖြုတ်ဖြုတ်သွားပြီး
နိဗ္ဗာန်ထိအောင် ပို့ပေးလိုက်တယ်။
အဲဒီပုဂ္ဂိုလ်ဟာ တဒင်္ဂ တခဏအားဖြင့်တော့
နတ်ပြည်ရော ဗြဟ္မာပြည်တွေရော ပထမ လိုချင်လာတယ်။
နောက်ဆုံး အဲဒီလိုချင်မှု တွယ်တာမှုအားလုံး ဖြုတ်ပြီးတော့
ခန္ဓာကိုယ်ကြီး ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ပို့မပစ်လိုက်ဘူးလား။
ဒီတော့ သူ့စိတ်ကလေးဟာ
အတွယ်အတာတွေ အားလုံးက လွတ်သွားတယ်
အတွယ်အတာ လွတ်သွားတဲ့အခါ ရဟန္တာ
ပုဂ္ဂိုလ်မျိုးလို စိတ်ဓါတ်ဖြစ်သွားပါတယ်လို့
မြတ်စွာဘုရား ဟောတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏🙏🙏
#ပါမေက္ခချုပ်ဆရာတော်
#
29/05/2026
အပူစာတွေမှ စားချင်ကြတဲ့လူတွေကို အမြန်ဖမ်းဆီးအရေးယူဖော်ထုတ်ပေးနိုင်ပါစေ
*** ***
ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ခွဲစိတ်ကုသရန် ရောက်ရှိလာသော လူနာ ဘုန်းဘုန်း ကြီး တစ်ပါးနှင့် လူနာစောင့် များထံမှ ဆေးကုသရန် လယ်ရောင်းလာသော သိန်း ၂၀ ကျပ် ရွေဆွဲကြိုးတကုံး ရွေလက်စွပ်တကွင်း ပါ အိပ် ကို
#လိမ်ညာခိုးယူသွားခြင်း
လူနာအုပ်စု ရောက်လာလာခြင်း လိမ်ညာမည့်အမျိုးသမီးမှ အောင်သုခဆောင်အတွင်းသို့ အိပ်များ ဆေးရုံတက်မည့်ပစ္စည်း များ ယူမသွားပဲ အပြင်ဖက်တွင်ထိုင်နေရန် ပြောပါတယ်
လူနာ နဲ့ အဖွဲ့ အထဲဝင်နေတုန်း အပြင်မယ်ကျန်ခဲ့သူ အထုတ်ကိုင် အဖွားနဲ့ မြေးကို စကားထိုင်ပြောရင်း
ဖွားတို့ နေ့လည်စာလှူတန်း နေသည့်နေရာကို ညွန်ပြပီး နေ့လည်စာသွားယူလို့ ရကြောင်းပြောပီး ထည့်စရာ ဘူး ခွံသစ် သွားဝယ်လာပေးပါတယ် တဲ့
ပီးတော့ #ပိုက်ဆံပါအထုတ်ကိုမြေးမလက်ဝယ်ထားခဲ့ခိုင်းပီး
အဖွားဖြစ်သူကို ထမင်းဝေနေတဲ့ နေရာ ခေါ်ထုတ်လာပါတယ်
ထမင်းဝေတဲ့နေရာမယ် အဖွားကို ခန ထားခဲ့ပီး
မြေးမ ဆီပြန်သွားပီး အဖွားက အဲအထုတ်တောင်းခိုင်း တယ် ပြောပီး
အထုတ်ကို အသာလေး #ခိုးယူသွားလိုက်တာ ဖြစ်ပါတယ်
ခွဲစိတ်ဖို့ ထားအုန်း ရဲစခန်း အမှုသွားဖွင့်ဖို့ အိုးဝေခ တောင် ကူလိုက်ကြရပါတော့တယ်
ဘုန်းဘုန်းကြီး ဆက်လက်ခွဲစိတ်ကုသရန် ဖွနဲ့ အလှူရှင်များက ဆေးလူမှုဌာနနဲ့အတူ ပူးပေါင်း ကူညီပေးပါမယ်
သောကတွေ ဝေဒနာတွေပေါင်းစုံနဲ့ လူနာတွေဆီက အဆောင်ထဲ ရောဝင်လာလိုက် ငွေထုတ်ခိုးလိုက် ဖုန်းခိုးလိုက် အဆင့်ကနေ
အခုဆို အရေးပေါ်ဌာန အဝအထိ
လာလိမ်ညာခိုးဝှက် ဒုက္ခပေး လုပ်စားကြသူတွေကို မိမိရရ ဖော်ထုတ် အပြစ်ပေးစေချင်ပါတယ်
#ဆေးရုံဆိုတာလူပေါင်းစုံဝင်ထွက်ခွင့်ရနေတဲ့နေရာဆိုတော့
ဆေးရုံဖက်က ဘယ်လိုမှ မတတ်နိုင်ဘူး ဖြစ်နေတာသိကြလို့ပါ
သက်ဆိုင်ရာများမှ မိမိရရ ကိုင်တွယ် ကူညီဖော်ထုတ် ပေးနိုင်ပါစေ
#ပဲခူး
28/05/2026
“ဘဝမှလွတ်မြောက်နိုင်တဲ့လမ်း"
ဘဝမှလွတ်မြောက်ချင်တယ်ဆိုရင် လွတ်မြောက်နိုင်တဲ့လမ်းရှိသလား၊ ရှိတယ်။ အစက ပြောခဲ့တယ်လေ၊ ဘဝမှာ “အဿာဒ” သာယာစရာ enjoyment ဆိုတာရှိတယ်၊ “အာဒီနဝ” အပြစ် fault ဆိုတာ ရှိတယ်။ “နိဿရဏ” ထွက်ပေါက် exit ဆိုတာလည်းရှိတယ်။
ထွက်ပေါက်ကို ဘယ်မှာရှာမလဲ။ အိမ်ထဲ ရောက်နေတဲ့ သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာရှာရမယ်၊ အိမ်ထဲမှာ ထွက်ပေါက်ရှိတယ်၊ ဘဝမှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝထဲမှာ ထွက်ပေါက်ကို ရှာရမယ်။ #ဘဝနိရောဓ ဆိုတဲ့ ထွက်ပေါက်ကို ဘဝထဲမှာပဲ တွေ့နိုင်တယ်။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က သစ္စာလေးပါး ဟောထားတာ ရှိတယ်။ ဒုက္ခ ဆိုတဲ့နာမည်နဲ့ဟောခဲ့တာ၊ အဲဒါ ပြောင်းပြီးတော့ ဘဝ ဆိုတာနဲ့ ကြည့်ကြရအောင်။
“ဘဝ၊ ဘဝ သမုဒယ၊ ဘဝ နိရောဓ၊ ဘဝ နိရောဓဂါမိနီပဋိပဒါ”
ဒီလို ပြောကြမယ်။
အဲဒီမှာ ဘဝ ဆိုတာကို ယခုရ,ထားကြပြီ။ အဲဒီဘဝကို ဘယ်သူ လုပ်တာတုန်းဆိုတော့ ဘဝ သမုဒယ ဆိုတဲ့ တဏှာ လုပ်တာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဂဟကာရက ဒိဋ္ဌာသိ၊ ပုန ဂေဟံ န ကာဟသိ” ငါ့ရဲ့ ဘဝခန္ဓာအိမ်ကြီးကို ဆောက်နေသူကိုတွေ့ပြီ၊ တဏှာ ပဲလို့ဟောတာ။
တစ်နည်းအားဖြင့် တဏှာက ဘယ်သူတွေရဲ့ အကူအညီနဲ့ဆောက်တာတုန်း ဆိုတော့ အဝိဇ္ဇာ ရဲ့ အကူအညီနဲ့ ဆောက်နေတာ။ အဝိဇ္ဇာ က အမှန်မမြင်အောင် ဖန်တီးထားတယ်။ တဏှာက တွယ်တာတယ်၊ တွယ်တာသည့် အတွက်ကြောင့် ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ်လုပ်တယ်။ ကောင်းတာ ဆိုးတာတွေလုပ်တော့ ကံတရား တွေစုမိတယ်။ အဲဒီ ကံတရားတွေက အဝိဇ္ဇာ တဏှာတို့ရဲ့ အကူအညီနဲ့ တွန်းပို့လိုက်တော့ ဟော ဘဝတစ်ခုကို ရကြတယ်။
ဘဝ အကြောင်းကို ဘဝ ထဲမှာပြန်ရှာကြည့်။ ဒီ ဘဝ ဆိုတာကို ဘယ်သူ လုပ်နေတာတုန်းဆိုတော့ အဝိဇ္ဇာ ရယ်၊ တဏှာ ရယ်၊ ကံ ရယ်၊ ဒီသုံးခုက လုပ်နေတာ၊ ဟုတ်ရဲ့လား။ အဝိဇ္ဇာ က အမှန်မမြင်ဘဲ အမှားမြင်အောင် ဖုံးပေးထားတယ်။ တဏှာက တွယ်တယ်၊ ကံ က ဘဝတစ်ခု ဖန်တီးပေးလိုက်တယ်။ ဒီနည်းနဲ့ ဘဝတွေ အဆက်ဆက် ရပြီးနေတယ်။ အဲဒါကြောင့်မို့လို့ အဝိဇ္ဇာ, တဏှာ, ကံတို့ဆိုတာ ဘဝထဲမှာရှိတော့ ဘဝထဲ ပြန်ရှာလိုက်၊ ဘဝ သမုဒယဆိုတာ အဝိဇ္ဇာ, တဏှာ, ကံတို့ပဲဆိုတာ သိရမယ်။ မြတ်စွာဘုရားက တဏှာ ကို အဓိကထားပြီး ဘဝ သမုဒယ လို့ ဟောတာနော်။
ဘဝသမုဒယ ကိုရှာတွေ့ဖို့နဲ့ ဒီဘဝကြီး ချုပ်ငြိမ်းဖို့အတွက် ဘာလုပ်ရ မလဲဆိုရင် မဂ္ဂင်ရှစ်ပါး ကိုပဲ ကျင့်ရမှာဖြစ်တယ်။ မဂ္ဂင်ရှစ်ပါးဆိုတာ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း သမ္မာဒိဋ္ဌိ စတဲ့ စိတ်မှာဖြစ်တဲ့ အင်အားစု တွေကို ပြောတာ ဖြစ်တယ်။
သမ္မာဒိဋ္ဌိ ဆိုတာ မှန်ကန်စွာမြင်ခြင်း သိခြင်း right understanding ကို ပြောတာ။ “ဘဝကို ဘဝလို့ မြင်တယ်၊ ဘဝကိုဖြစ်စေတတ်တဲ့ တဏှာကို ဘဝ သမုဒယ လို့ မြင်တယ်။ ဘဝချုပ်ငြိမ်းရာနိဗ္ဗာန်ကို ဘဝနိရောဓ လို့ မြင်တယ်။ မဂ္ဂင်ရှစ်ပါးကို ဘဝနိရောဓ သို့ ပို့ဆောင်ပေးမယ့် ပဋိပဒါလို့ မြင်တယ်။ ဒီနေရာမှာ ဘဝ ဆိုတာ မကောင်းဘူးလို့ မြင်တာလည်း သမ္မာဒိဋ္ဌိ ပဲ၊ ဟုတ်လား။ ဘဝကို ဓမ္မ အမြင်နဲ့မြင်တာ မှန်သမျှ သမ္မာဒိဋ္ဌိလို့ ခေါ်နိုင်တယ်။
အဲဒီ သမ္မာဒိဋ္ဌိ ဆိုတဲ့အမြင်ရှိလာရင် “ဘဝကို ဆောက်လုပ်နေတဲ့ လက်သည် ဘယ်မှာလဲဆိုတာသိတယ်။ ဘဝရဲ့ အကြောင်းတရားကိုတွေ့မယ်” ဘဝ ချုပ်ငြိမ်းချင်လို့ရှိရင် ဘဝကိုတည်ဆောက်နေတဲ့ အကြောင်းတရားကို တွေ့အောင်ရှာပြီး ပယ်ရှားပစ်ရမယ်။ အကြောင်းတရားကိုရှာရင် သမ္မာဒိဋ္ဌိ right understanding နဲ့ပဲ ရှာရတယ်။ ရှာတွေ့အောင် ဘာလိုတုန်းဆိုရင် သမ္မာသင်္ကပ္ပ မှန်ကန်စွာစဉ်းစားမှု right thought ရှိရမယ်။
မှန်မှန်ကန်ကန် စဉ်းစားဖြစ်အောင် ဘာလုပ်ရမတုန်း။ မှန်ကန်စွာကြိုးစားမှု သမ္မာဝါယာမ right effort ရှိရမယ်။ မှန်ကန်စွာ ကြိုးစားလိုက်တဲ့အခါမှာ ဘာလို တုန်းဆိုလို့ရှိရင် သတိထားဖို့လိုတယ်၊ သမ္မာသတိ right mindfulness လိုအပ်တယ်။ သတိထားပြီးတဲ့အခါမှာ အာရုံတစ်ခုတည်းမှာ စူးစူးစိုက်စိုက် စိတ်ကိုတည်ဆောက်ဖို့ လိုအပ်တယ်၊ သမ္မာသမာဓိ right concentration ပေါ့၊ ပေါင်းလိုက်တဲ့အခါ မဂ္ဂင်ငါးပါး၊ဟောဒီ မဂ္ဂင်ငါးပါးပေါင်းပြီး အလုပ်လုပ်လိုက်လို့ရှိရင် ခုနက အကြောင်းတရား တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။
ဥပမာ ပြဿနာတစ်ခု ဖြေရှင်းဖို့ဆိုပါစို့။ မဖြေရှင်းမီ ကြိုတင်သိရှိ နားလည် ထားရမယ့် အချက်တွေက “ပြဿနာ problem ၊ ပြဿနာဖြစ်ရခြင်းအကြောင်း the cause of problem၊ ပြဿနာပြေလည်ခြင်း solution of problem၊ ပြဿနာပြေလည်ရန် နည်းလမ်း the way how to solve the problem ” ဆိုတာတွေပဲ ဖြစ်တယ်။
အစပထမ ပြဿနာ ဆိုတာကို မြင်ရမယ်။ မြင်ပြီး ဒီပြဿနာ ဘာကြောင့် ဖြစ်တာတုန်းဆိုတဲ့ အကြောင်းတရား ကို မြင်ရမယ်။ မြင်လာပြီးလို့ရှိရင် ဘာလုပ်မတုန်း၊ ပြဿနာရဲ့အဖြေ ဆိုတာရှိတယ်။ အဖြေက ဘာဆိုတာ မြင်ရမယ်။ ပြီးတော့ ဘယ်နည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ ပြဿနာဖြေရှင်းနည်းကို မြင်ရမယ်၊ မြတ်စွာဘုရား ဟောထားတဲ့ သစ္စာလေးပါး ဆိုတာ ယခုလိုဟာမျိုးပဲ။
အေး- ဒါကြောင့်မို့ “ဘဝဆိုတာ သိရမယ်၊ ဘဝကို တည်ဆောက်နေတဲ့ အကြောင်းတရားကို သိရမယ်၊ ဘဝချုပ်ငြိမ်းသွားတာကို သိရမယ်၊ ဘဝချုပ်ငြိမ်း ကြောင်း နည်းလမ်းကိုသိရမယ်” အဲဒီလိုသိပြီးအလုပ်လုပ်တာဟာ ဒီ #မဂ္ဂင်ရှစ်ပါးပဲ။မှန်မှန်ကန်ကန်မြင်တယ်၊ မှန်မှန်ကန်ကန် စဉ်းစားလို့ မှန်မှန်ကန်ကန် မြင်တာ၊ အဲဒီလို မှန်မှန်ကန်ကန်စဉ်းစားပြီးမှန်မှန်ကန်ကန်သိမြင်ဖို့ မှန်မှန်ကန်ကန် ကြိုးစားရမယ်၊ ကြိုးစားတဲ့အခါ မှန်ကန်တဲ့သတိ ရှိရမယ်၊ မှန်ကန်တဲ့စူးစိုက်မှု စိတ်တည်ငြိမ်အောင်ထားမှု ရှိရမယ်၊ ဟောဒီ မဂ္ဂင်ငါးပါးဟာ ဝိပဿနာရှုတဲ့အခါမှာ စုပေါင်းအလုပ်လုပ်ကြတယ်၊ အလုပ်လုပ်ရင်း ဘဝရဲ့ထွက်ပေါက် exit ဆိုတာကို တွေ့သွားနိုင်တယ်တဲ့။ ဘဝနိရောဓ ကို တွေ့နိုင်တယ်လို့ပြောတာ။
ဘဝထွက်ပေါက်ကို ရှာချင်တဲ့အခါမှာ ဘဝရဲ့ အပြစ်၊ ဘဝရဲ့ အကြောင်း တရား ဒါတွေသိဖို့လိုပါတယ်။ အဲဒီလိုသိအောင် ကြိုးပမ်းအားထုတ်ခြင်းဟာ ဘဝပြဿနာအဖြေရှာရန် တစ်ခုတည်းသောနည်းလမ်းပဲတဲ့။ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ” လို့ ဟောတော်မူခဲ့တာ ဖြစ်တယ်။
မဂ္ဂင်ရှစ်ဖြာ ဓမ္မအကျင့်ဟာ “အဆိုးလေးမျိုး” ကို ဖယ်ရှားနိုင်တယ်။
အဆိုး လေးမျိုးဆိုတာ “သောကပရိဒေဝါနံ- စိုးရိမ်ပူဆွေးရခြင်း ငိုကြွေးရခြင်းဆိုတဲ့ စိတ်အညစ်အကြေးတို့ကို၊ သမတိက္ကမာယ-ကျော်လွှားနိုင်ဖို့ရာ၊ အယံ မဂ္ဂါ - ဟောဒီ မဂ္ဂင်ရှစ်ပါးဟာ၊ ဧကာယနော- တစ်ခုတည်းသောလမ်းပါပဲ” တဲ့။
လူတွေဟာ အတော်များများ သောက နဲ့နေကြရတယ်။ ပိုက်ဆံချမ်းသာတဲ့ သူတွေ မစိုးရိမ်ရဘူးမမှတ်နဲ့၊ ပိုပြီးစိုးရိမ်ရတယ်နော်။ သောကပိုရှိကြတယ်။ သောက မထိန်းနိုင်ရင် ဘာဖြစ်လဲ၊ ပရိဒေဝ ငိုရတယ်၊ လူတွေဟာ သောကဖိစီးမှုတွေ အားကြီးလာရင် မအောင့်နိုင်ကြဘူး၊ ငိုချလိုက်ကြတယ်။
ဘဝမှာရလာတဲ့ အဆိုးတရားတွေဟာ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ လူ့ဘဝရလာရင် ကိုယ်ဆင်းရဲမှု ဆိုတာနဲ့လည်း ကြုံရတယ်၊ စိတ်ဆင်းရဲမှု ဆိုတာနဲ့လည်း ကြုံရတယ်။ အဲဒါတွေ “ငြိမ်း” သွားဖို့ ဘာလုပ်ရမတုန်း၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းဆိုတဲ့တရားတွေ ချုပ်ငြိမ်းသွားဖို့ရာ၊ အယံ မဂ္ဂါ - ဒီလမ်းဟာ၊ ဧကာယနော - တစ်ခုတည်းသော လမ်းပဲ။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ သမ္မာသတိကိုသာ ဦးတည်ပြီး အမည်တပ်ပြီးဟောထားတာ ဖြစ်ပေမယ့် တကယ်တော့ မဂ္ဂင်ရှစ်ပါးပဲနော်။ ဒါက ဘဝမှာကြုံတွေ့ရတဲ့ အဆိုးလေးမျိုးကို ဖယ်ရှားပုံပဲ။
မဂ္ဂင်ရှစ်ဖြာ ဓမ္မအကျင့်ဟာ အဆိုးကိုသာ ဖယ်ရှားပစ်တာ မဟုတ်ဘူးတဲ့၊ အခြားတစ်ဖက်ကလည်း ကောင်းကျိုး သုံးမျိုးကို ဖြစ်ပေါ်စေပါတယ်။
“ကောင်းကျိုး သုံးမျိုး” ဆိုတာ ဘာလဲ။
(၁) သတ္တာနံ - သတ္တဝါတို့၏ ဝိသုဒ္ဓိယာ - စင်ကြယ်စေဖို့ရာ။ နေ့စဉ် နှင့်အမျှ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ အညစ်အကြေးတွေနဲ့ နေနေတာ၊ စင်ကြယ်သွားဖို့ရာအတွက် ကျင့်စဉ်ဟာ ဒီတစ်ခုတည်းပဲ။
(၂) ဉာယဿ - နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကို၊ အဓိဂမာယ - ရရှိဖို့ရာ၊ ဧကာယနော- တစ်ခုတည်းသောလမ်းပဲ။ နိဗ္ဗာန်သွားချင်တယ်ဆိုရင် လမ်းအရင်တွေ့အောင်ရှာနော်၊ လမ်းမတွေ့ဘဲနဲ့၊ နိဗ္ဗာန်ဘယ်နေမှန်း မသိဘဲနဲ့
လျှောက်သွားရင် ရောက်ပါ့မလား။ အေး- ရွှေတိဂုံဘုရားကြီး ဘယ်လမ်းက သွားရတယ်ဆိုတာ မသိဘဲသွားလို့ ဘယ်ရောက်မလဲနော်၊ လမ်းအရင်တွေ့ရမှာ မဟုတ်လား။ ။
(၃) နိဗ္ဗာနဿ သစ္ဆိကိရိယာယ - နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရာလည်းပဲ၊ ဧကာယနော-တစ်ခုတည်းသောကျင့်စဉ်လမ်းပါပဲရယ်လို့၊ ဘဂဝါ-ရွှေဘုန်းတော်
သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ - ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok