Spring Film Academy

Spring Film Academy

แชร์

Established in 2023 to support intergenerational education and revolution through the arts.

22/02/2026

#နွေဦးရုပ်ရှင်ကျောင်း

Spring Film Academy မှာ လျှောက်ထားသူများ၏ လျှောက်လွှာများကို စိစစ်ရွေးချယ်ပြီး
ကျောင်းမှ သတ်မှတ်ထားသော အရည်အချင်းနှင့်ကိုက်ညီသော သင်တန်းသားများထံ ယနေ့ ည Mail ပို့ပါမည်။ ( Mail က Spam ထဲ ရောက်နိုင်သဖြင့်စစ်ဆေးပေးပါရန်)
သတ်မှတ်အရည်အချင်းနှင့်မကိုက်ညီသူများကို
မရွေးချယ်ပါ။
ပထမအဆင့်ရွေးချယ်ခံရသူများသည်
(24.2.2026) ရက်နေ့တွင် လူတွေ့ စစ်မေးမှုပြုလုပ်ရပါမည်။
လူတွေ့ စစ်မေးမှု အောင်မြင်မှသာ
Spring Film Academy Batch 4 သင်တန်းသို့ တက်ရောက်ခွင့်ရပါမည်။
🎥🎥🎥🎥🎥

25/01/2026

#နွေဦးရုပ်ရှင်ကျောင်း

🌹🌹🌹🌹🌹
ကျွန်တော်က SFSI B3-20ပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ SPFA Batch 3 မှာ Module 12ခုလုံးတက်ရောက်ခဲ့ပြီး Dip in Filmဘွဲ့ကို ဒီနေ့(24.1.2026)ရရှိခဲ့ပါပြီ။ အတန်းဖော်တွေနဲ့အတူတူ Diploma ဘွဲ့လေးအတူတူယူရလို့လဲ အားလုံးကို Congratulations လို့ပြောချင်ပါတယ်။🎉🎉🎉🎥🎥🎥🎉🎉🎉

အနုပညာကိုတော့ဝါသနာပါတယ် ဘာတွေကစရမယ်မှန်းမသိချိန် နွေဦးရုပ်ရှင်ကျောင်းရဲ့ဝင်ခွင့်လေးမြင်ချိန် ကျောင်းပြန်တက်ကြည့်မယ်ဆိုပြီး တက်ဖြစ်ခဲ့ပါတယ်။ ✍️✍️✍️
ဘာသာရပ် 12 ခုကို ခွဲပြီး ယူလို့ရပေမဲ့ လောဘကြီးမိတော့ ပထမနှစ်ဝက်မှာတင် 10ခုယူဖြစ်သွားပါတယ်။ ဘာသာရပ်အကုန်လုံးကလဲ ကျွန်တော့်အတွက်တော့အစိမ်းသက်သက်တွေပေါ့။ Acting Course (Sayar A) ကတော့ စစခြင်းကို စခက်ပါရော Camera ရှေ့ Photo ရိုက်ရင်တောင်အချိုးမပြေသော ကျွန်တော်က ခံစားချက်တွေရော မျက်လုံးရဲ့ခံစားမှုတွေ သင်ခွင့်ရချိန် ဘာသာရပ်ရဲ့အရေးပါမှုကိုစသိရတာပါပဲ။ နောက်ထပ် ခက်တာကတော့ ဆရာသွန်းရဲ့ဘာသာရပ်တွေပါပဲ ။ ဘာလို့လဲဆိုတော့ ‌သရုပ်ဆောင်တွေလုပ်ပြသမျှကို ရှု့ထောင့်ပေါင်းစုံ အလင်းအမှောင် view တွေကအစ အယူအဆတွေ သင်ခွင့်ရခဲ့ပြန်ပါရော။ ‌ရလာသမျှတွေကို Edit လုပ်ရတာတွေ Edit လုပ်ရင်း ရှောင်ရမယ့်အရာတွေ ပါလာတဲ့ရုပ်ကဒ်တွေကို အဆင်အပြေဆုံးဖြစ်အောင် ပြန်ဆက်ရတဲ့အပိုင်းတွေပါ Mobile Film Editing (Tr Floral)ဘာသာရပ်ကနေလေ့လာရတဲ့အခါ Editing ကိုအဲ့ချိန်မှ စကိုင်ပြီးလုပ်ခဲ့မိတာပဲ။ တီချယ်ကြီးMoeရဲ့ ဘာသာရပ်မှာတော့ ဇာတ်လမ်းတွေစာအုပ်တွေထဲက ကာရိုက်တာတွေအကြောင်း ဇာတ်လမ်းအတက်အကျ ရည်ရွယ်ချက်တွေကို အမြဲဆွေးနွေးကြတယ် စာသင်တာထက်စကားတွေပြောရင်းသင်ခဲ့ကြတဲ့စာသင်ချိန်ပေါ့ဗျာ။ တီချယ်ကြီးSnowရဲ့ Body language from Film ဘာသာရပ်ကလဲ အရေးပါပြန်ရော ဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေရဲ့မျက်နှာအမူအရာကိုယ်လက်လှုပ်ရှားမှုတွေကနေသုံးသပ်မှုတွေသင်ပြီးတဲ့နောက် K-drama fan ကျွန်တော်ကတော့ အပိုင်းတစ်ခုပြီးဖို့ပိုကြာသွားတယ် အဲ့ဒီအသိတွေနဲ့လိုက်ကြည့်မိပါလေရော ongoing တွေတောင် မပြီးတော့ဘူး😁😁😁ကိုယ့်အဖြစ်ပါ အမှတ်တရတွေပေါ့။ ဆရာကြီး Dr KZရဲ့ ပြောဟန်တွေလေ့လာပြီး ခေတ်နဲ့အညီ စာတွေပြန်ရေးရတာကလဲ အမှတ်တရ။ ဘာလို့လဲဆိုရင် Assignment စစ်မယ့်ဆရာကြီးတော့မသိဘူး။ အပြင်မှာတောင်နူးနူးညံ့ညံ့မပြောတတ်တဲ့ကျွန်တော်က Assignment မှာ ဇာတ်ရုပ်လေးတွေရဲ့စကားတွေပြန်ရေးရင်းကိုယ့်ကိုယ်ကိုယ်အူတွေယားပြီးရယ်ချင်မိနေလို့ပါ။ ဆရာကြီးလဲစာတွေစစ်ရင်း ရယ်နေမယ်ဆိုတာ ယုံကြည်ပါရဲ့😂😂😂။ တီချယ်ကြီး December may Decor ဘာသာရပ်ရဲ့ ပြောစမှတ်ကတော့ ည11 ရောက်သည်အထိ ပြောကြတာပြောကြတာ ကျွန်တော်တို့အဖွဲ့ပေါ့😂😂😂။ အမြဲအချိန်သတိမရ စာသင်ခန်းထဲ အပတ်စဉ်ပြောကြတာက အတန်းပြီးဆုံးသည်အထိပဲ။ ဒါကိုနောက်လဲတီချယ်အားရင်ပြောကြရအောင်ဆိုပြီ စရံရိုက်ကြသောပါ😂😂😂 ။ မူပိုင်ခွင့်ဆိုတာက အရေးကြီးတာသိပေမယ့် ဘာကြောင့်အရေးကြီးသလဲ ဘယ်လိုအရေးကြီးတာလဲဆိုတာ သေချာသိခွင့်ရတာကတော့ တီချယ် Hmwayရဲ့ အတန်းပေါ့ဗျာ။ ကိုယ်တိုင်ဖန်တီးကြမယ့်အနုပညာတစ်ခုအတွက် မူပိုင်ခွင့်ကလဲမေ့ထားလို့ဘယ်လိုမှမရတာမို့ အရေးသိပ်ကြီးပါတယ်။ ဆရာ ကျော်ဝေဖြိုးရဲ့ Music creation ပိုင်းကလဲဆူညံသံကအစ ဇာတ်ကလိုအပ်ရင်ဖန်တီးပေးရတယ်ဆိုတာတွေကအစ အသံတွေအကြောင်းကို အချိန်တိုလေးအတွင်းမှာ သင်ကြားခွင့်ရခဲ့ပါတယ်။ သင်သမျှအပိုင်းအကုန်လုံးကိုသာ စိတ်ဝင်တစားလုပ်မယ်ဆိုရင် film တစ်ခုကိုတော့ အပိုင်းများစွာကို ကိုယ်တစ်ယောက်ထဲလုပ်နိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ ဘာသာရပ်12 ခုကိုသင်ပေးတယ်လို့ပြောလို့ရပါတယ်။ ရသစုံလင်တဲ့ ကျွန်တော်တို့ နွေဦးရုပ်ရှင်ကျောင်းကြီးကို တကယ် Assignment တွေသေချာလိုက်လုပ်ပြီး အတန်းမှန်မှန်တက်မယ်ဆိုရင် ရရှိမယ့်အရာတွေများတာမို့ အချိန်တစ်ခုလေးပေးပြီး လာတက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
🌹🌹🌹🌹🌹
အမှတ်တရများစွာနဲ့ ကျောင်းသူဘဝရသခံစားမှုကို အပြည့်ဝပေးခဲ့သောကျောင်းကြီးက ဆရာကြီး၊ဆရာမကြီးများကို ရိုသေလေးစားလျက်
🙏🙏🙏🙏🙏
SFSI B3-20 Shin Thant

🎥 🎥 🎥 🎥 🎥

Photos from Spring Film Academy's post 31/12/2025

🙏🙏🙏🙏🙏

Myanmar has faced immense challenges, including the ongoing conflict and the devastating 7.7-magnitude earthquake that struck in March 2025.

A Prayer for Myanmar (2026)
Heavenly Father / Source of All Peace,
We come before You with heavy but hopeful hearts, lifting up the nation of Myanmar as it enters 2026. We Myanmar has faced immense challenges, including the ongoing conflict and the devastating 7.7-magnitude earthquake that struck in early 2025.

Be a shelter for those who are weary and a source of strength for those who have lost so much.
Lord, we pray for the spirit of reconciliation to move across the land. We ask for an end to violence and for a path toward lasting peace, justice, and dignity for every person—regardless of their background or belief. Grant wisdom to the leaders and stakeholders, that they may choose the well-being of the people over the pursuit of power.
We pray for the youth of Myanmar, that their 2026 would be a year where fear is replaced by opportunity, and their dreams will be successful in 2026.

🎥🙏🙏🙏🙏🙏🎥

24/12/2025

ရုပ်ရှင်နဲ့ နိုင်ငံရေး
========= {သွန်းနေစိုး}

ကျနော့်ဆရာ ဇော်ဇော်အောင်က ပြောဖူးတယ်။ ရှိတ်စပီးယားသာ အခု သက်ရှိထင်ရှားရှိရင် ပြဇာတ်ရေးမှာမဟုတ်ဘူး၊ ရုပ်ရှင်ဇာတ်ညွှန်းရေးမှာ ... တဲ့။

ဆရာဇော်ဇော်အောင်က ဒီစကားကို ချရေးခဲ့သလားတော့ မရေရာမိပါ။ ကျနော်ကတော့ ကျိုက်ဝိုင်းဘုရားလမ်းက သူ့ တထပ်တိုက်ပုလေးမှာ လက်ချာတွေ သွားသွားနာရင်း ကြားခဲ့ရတာ။ ထားပါတော့၊ ဆရာ့စကားဟာ ခေတ်ပြောင်းလာတာနဲ့အမျှ အနုပညာပစ္စည်းတွေရဲ့ လူထုအပေါ် လွှမ်းမိုးနိုင်မှု ပြောင်းလဲခြင်းကို ရည်ညွှန်းပါတယ်။

အမေရိကန် ပြည်တွင်းစစ်ဟာ ၀တ္ထုစာအုပ် တအုပ်ကြောင့် ဖြစ်ခဲ့ရတာလို့ ပြောတတ်ကြတဲ့စကားရှိတယ်။ စာရေးဆရာမ Harriet Beecher Stowe ရဲ့ Uncle Tom's Cabin (၁၈၅၂) ဆိုတဲ့စာအုပ်။ အမေရိကန်သမ္မတကြီး Abraham Lincoln က အဲ့ဒီ စာရေးဆရာမကို “ဒီ စစ်ပွဲကြီးကို စတင်ခဲ့တဲ့ အမျိုးသမီးလေး” လို့တောင် ခေါ်ခဲ့သတဲ့။ သူ့စာအုပ်က အမေရိကန်မြောက်ပိုင်းကို ကျွန်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ် ကြီးကြီးမားမားဖြစ်စေအောင် လှုံ့ဆော်နိုင်ခဲ့တာကိုး။

ဒီလိုပါပဲ။ Victor Hugo ရဲ့ Les Misérables (၁၈၆၂) ဟာလည်း ပြင်သစ်မှာ လူမှု ပြုပြင်ရေး လှုပ်ရှားမှုတွေ ဖြစ်စေအောင် လှုံ့ဆော်ခဲ့တယ်။ အင်္ဂလန်မှာကျတော့ Charles Dickens ရဲ့ Oliver Twist (၁၈၃၈) ဟာ ကလေးလုပ်သားပြဿနာကို မီးမောင်းထိုးပြခဲ့တယ်။ ဒီကနေပြောင်းလဲမှုတွေ အများကြီး ဆက်ဖြစ်ခဲ့တာပေါ့။

ဒီ့နောက် ရုပ်ရှင်ပေါ်လာတယ်။ ဒီအခါမှာ ရုပ်ရှင်တွေရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ စာအုပ်တွေကို ပခုံးချင်းယှဥ်လာတော့တယ်။

D.W. Griffith က ၁၉၁၅ မှာ The Birth of a Nation ရိုက်တယ်။ ပညာရှင်တွေ သတ်မှတ်ကြတာက ဒီရုပ်ရှင်ဟာ "နိုင်ငံရေး ရုပ်ရှင်တွေထဲက အရေးပါဆုံး ဥပမာ" တဲ့။ ဒါပေမဲ့ တော်တော်လေးလည်း အငြင်းပွားရတဲ့ ဇာတ်ကားတကားပေါ့။ လူမျိုးရေးခွဲခြားမှုကို အားပေးတယ်၊ လူမျိုးရေး ပဋိပက္ခတွေကို ပိုမို ဆိုးရွားစေခဲ့တယ်လို့ မြင်ရတယ်။ တကယ်တော့လဲ ဒီအမြင်ဟာ Bell Hooks ရဲ့ Black Looks: Race and Representation ဆိုတဲ့ စာအုပ်ထဲက ဖြစ်ပါတယ်။

"Politics of race and gender were inscribed into mainstream cinematic narrative from Birth of a Nation on." တဲ့။ ထားပါတော့၊ ဒီအကြောင်း နောင်အလျဉ်းသင့်မှ ဆက်တာပေါ့။ အခု ဆက်ပြောချင်တာက ရုပ်ရှင်တွေရဲ့ လူထုအပေါ် လွှမ်းမိုးနိုင်မှုအကြောင်း။

ဒီ့နောက်မှာ ဆိုဗီယက်ဘက်က အိုင်ဇင်စတိန်း Sergei Mikhailovich Eisenstein ရဲ့ Battleship Potemkin ဆိုတဲ့ဇာတ်ကား ၁၉၂၅ မှာ ပေါ်လာတယ်။ ၁၉၀၅ ခုနှစ် ရုရှား တော်လှန်ရေးအတွင်း တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တခုဖြစ်တဲ့ Potemkin သင်္ဘော ပုန်ကန်မှု (Mutiny on the Battleship Potemkin) ကို အခြေခံ ရိုက်ကူးထားတာ။ ဒီကားကတော့ ဆိုဗီယက်ရဲ့ ပရိုပဂန်ဒါဇာတ်ကားလို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့တော်လှန်ရေးရုပ်ရှင်တွေရဲ့ အဦးအစ နမူနာလည်းဖြစ်နေတော့ နောက်ပိုင်းအချိန်ရရင် ဒီဇာတ်ကားအကြောင်း သီးသန့်ရေးပါဦးမယ်။

နာဇီခေတ်မှာကျတော့ သူတို့ရဲ့ ပရိုပဂန်ဒါရုပ်ရှင်က Triumph of the Will တဲ့။ လီနီ ရီဖန်စတေးလ် (Leni Riefenstahl) ရိုက်တယ်။ ၁၉၃၅ မှာ ဒီ ကားထွက်တော့ ဟစ်တလာ ဟာ ဂျာမာန်လူထုအမြင်မှာ ဘုရင်ဧကရာဇ်ကြီးလို ဖြစ်သွားစေတယ်တဲ့။ ဒီဇာတ်ကားအကြောင်း အသေးစိတ် မဆွေးနွေးချင်လှဘူး။ တော်ကြာ ကျနော်တို့ဆီက မင်းအောင်လှိုင်လဲ လိုက်ရိုက်ခိုင်းနေမစိုးလို့။

ဒါပေမဲ့ ဒီဇာတ်ကားကို ဝေဖန်တဲ့ ဝေဖန်မှုတွေထဲမှာ Louis Althusser ရဲ့ Ideology and Ideological State Apparatuses ဆိုတဲ့စာတမ်းပါ အယူအဆကတော့ အတော်ကောင်းတယ်။

သူပြောတာက ... နိုင်ငံတော် (State) ဟာ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ဖို့ နည်းလမ်း နှစ်မျိုး သုံးတယ် ... တဲ့။ RSA နဲ့ ISA ဆိုတဲ့ နည်းလမ်း၂မျိုး။

RSA ကတော့ Hard Power ပေါ့။ အကြမ်းဖ_က်မှု သို့မဟုတ် အင်အားနဲ့ ထိန်းချုပ်တာ။ လူတွေကို အကြောက်တရားသွပ်သွင်းတာမျိုးပါ။ အရှည်က Repressive State Apparatus တဲ့။

နောက်တနည်းကတော့ Ideological State Apparatuses။ ISA ပေါ့လေ။ အိုင်ဒီယိုလော်ဂျီနဲ့ ထိန်းချုပ်တာ။ လူတွေကို ယုံကြည်လက်ခံ ယိမ်းယိုင်လာအောင် လုပ်တာ။ ISA လုပ်ဖို့ရာအတွက် ပညာရေးစနစ်ကိုပြင်တယ်။ ဘာသာရေးနဲ့ မှိုင်းတိုက်တယ်။ နိုင်ငံရေးပါတီ၊ အလုပ်သမားသမဂ္ဂစတဲ့ အဖွဲ့အစည်းတွေကနေ ဖျားယောင်းတယ်။ နောက်ဆုံးကတော့ မီဒီယာနဲ့ လုပ်တာပေါ့လေ။

ISA တွေ ရဲ့ အဓိက လုပ်ဆောင်ချက်က လူတွေ ကို "ဒီ စနစ်က မှန်တယ်၊ လိုက်နာရမယ်" ဆိုတဲ့ အတွေးကို ကိုယ်တိုင် ယုံကြည်လာအောင် လုပ်ပစ်တာပါ။ လူတွေ က ကြောက်လို့မဟုတ်ဘဲ ကိုယ်တိုင် လက်ခံ ယုံကြည်လို့ လိုက်နာကြတယ်။ ဒါကို Althusser က "အတွေးအခေါ် နဲ့ ထိန်းချုပ်ခြင်း" လို့ ခေါ်ပါတယ်။ Triumph of the Will ဟာ ISA ပါပဲ။

ဒီဇာတ်ကားက နာဇီပါတီ ရဲ့ ၁၉၃၄ နှစ်စဉ် ပါတီ စုဝေးပွဲ (Nuremberg Rally) ကို ရိုက်ကူးထားတဲ့ရုပ်ရှင် ဖြစ်တယ်။ ဟစ်တလာကိုယ်တိုင် တိုက်ရိုက် အမိန့်ပေးကြီးကြပ်ခဲ့တာတဲ့။ ကျနော်တော့ သင်ယူနေရလို့သာ ကြည့်ရတယ်။ တော်တော်ရွံမိတဲ့ ဇာတ်ကား။

Facebook Post တွေကို စာသိပ်မရှည်စေ့ချင်တာမို့ နည်းနည်း မြန်မြန်လေး ဖြတ်ရအောင်။

1983 မှာ The Day After ဆိုတဲ့ ဇာတ်ကားထွက်ပါတယ်။ သူက ရုံတင်ရုပ်ရှင် (theatrical film) မဟုတ်ပါ။ တီဗီမှာ ပြတဲ့ဇာတ်ကား။ ဒါပေမဲ့ ဇာတ်လမ်းတွဲ TV series တော့လည်း မဟုတ်ဘူး။ တကားချင်းအပြီးဖြစ်တဲ့ made-for-TV movie

အဲ့ဒီဇာတ်ကားကို ၁၉၈၃ နိုဝင်ဘာ ၂၀ ရက် (တနင်္ဂနွေ ညနေ) ABC ရုပ်သံလိုင်းမှာ ထုတ်လွှင့်တယ်။ အမေရိကန် ရုပ်သံ ကြည့်ရှုမှုမှတ်တမ်း (Nielsen ratings) အရ အမေရိကန်ရဲ့ လူဦးရေ သန်း ၁၀၀ ကျော်က အဲ့ဒီဇာတ်ကားကို ကြည့်ခဲ့တယ်တဲ့။ အမေရိကန်နဲ့ ဆိုဗီယက်ကြား နျူကလီးယားစစ်ပွဲသာ ဖြစ်ပွားခဲ့ရင် ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာကို ပုံဖော်ထားတဲ့ဇာတ်ကား။

အဲ့ဒီဇာတ်ကားရဲ့ သက်ရောက်မှုက ဘယ်လောက်တောင် ကြီးမားလိုက်သလဲဆိုတော့ ဇာတ်ကား ထုတ်လွှင့်ချိန်မှာ ကြည့်ရှုသူတွေ အတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီလိုရင် ဆက်ဖို့ ဖုန်းနံပါတ်တွေတောင် ထားခဲ့ရတယ် တဲ့။ကလေးတွေကို မိဘနဲ့အတူသာကြည့်ဖို့ ကန့်သတ်ခဲ့ရတယ်။

အဲ့ဒီတုန်းက အမေရိကန်သမ္မတဖြစ်တဲ့ Ronald Reagan က ရုပ်ရှင်ကို ကြိုတင် ကြည့်ရှုခဲ့ပြီး သူ့ မှတ်စုစာအုပ်မှာ "very effective and left me greatly depressed" လို့ ရေးခဲ့တယ်။ ဒီ ရုပ်ရှင်က သူ့ရဲ့ နျူကလီးယားမူဝါဒ ကို ပြန်လည် စဉ်းစားစေခဲ့တယ်လို့ သမိုင်းပညာရှင်တွေ ဆိုကြပါတယ်။ နောက်ပိုင်း ဆိုဗီယက်နဲ့ အမေရိကန်ကြား နျူကလီးယားလက်နက် လျှော့ချရေး ဆွေးနွေးမှုတွေ ပိုမို အောင်မြင်လာခဲ့တာ ဒီဇာတ်ကားကြောင့် ... တဲ့။

နောက်ပိုင်း ဇာတ်ကားတွေထဲက တွမ်ဟန့်ရဲ့ Philadelphia (1993) ဇာတ်ကားကိုတော့ မှတ်မိကြဦးမယ် ထင်ပါတယ်။ AIDS ရောဂါသည်တွေအပေါ် အမြင် လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုကို လျှော့ချနိုင်ခဲ့တဲ့ဇာတ်ကား။ ထားပါတော့ အမေရိကန်ဇာတ်ကားတွေအကြောင်း ဒီမှာ ဖြတ်လိုက်တော့မယ်။ ကျနော် စိတ်ဝင်စားတဲ့ လက်တင်အမေရိကရဲ့ ရုပ်ရှင်လှုပ်ရှားမှုအကြောင်း နည်းနည်းတင်ပြချင်တယ်။

အဲ့ဒီလှုပ်ရှားမှု နာမည်က ... Third Cinema တဲ့။ သူလဲ တတိယ အုပ်စု လို့ ပြောရမလား။

First Cinema ဆိုတာက ဟောလိ၀ုဒ်ကို ညွှန်းတယ်။ ရုပ်ရှင်သည် ငွေကြေးအတွက်ဆိုတဲ့ သဘော။ ဖျော်ဖြေရေးကို အဓိကထားတယ်။ ရုပ်ရှင်ဟာ စီးပွားရေး အမြတ်အစွန်း ရှာဖွေဖို့။

Second Cinema ကတော့ ဥရောပ တဲ့။ European auteur cinema။ အနုပညာသည် အနုပညာအတွက်ဆိုတဲ့ သဘောထားကဲတဲ့ ရုပ်ရှင်မျိုးလို့ ဆိုရလေမလား? တစ်ဦးချင်း ဖန်တီးမှုကို အဓိက ထားတယ်။ ပုဂ္ဂိုလ်ရေး အမြင်ကို ဦးစားပေးတယ်။

Third Cinema ဆိုတဲ့ တတိယရုပ်ရှင်ကတော့ ရုပ်ရှင်ကို တော်လှန်ရေးလှုပ်ရှားမှုအတွက် လှုံ့ဆော်ဖို့သုံးတယ်။ `ရုပ်ရှင်သည် တော်လှန်ရေးအတွက်´ ပေါ့လေ။ နယ်ချဲ့ စနစ်တွေအောက်က၊ စီးပွားရေးဖိနှိပ်မှုတွေအောက်က လူထုတွေ လွတ်မြောက်စေဖို့အတွက် ရုပ်ရှင်ကို လက်နက်အဖြစ် အသုံးပြုတယ်။ ပရိသတ်ကို ဖျော်ဖြေရုံ မဟုတ်ဘဲ နိုင်ငံရေး အသိပညာပေးတယ်။

၁၉၆၀-၁၉၇၀ ခုနှစ်များကာလ လက်တင်အမေရိကရဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတွေမှာ ဒီ Third Cinema ဟာ အင်မတန် အားကောင်းသော အကူအပံ့ဖြစ်စေခဲ့တာပေါ့။

Third Cinema အတွက် ကြည့်စရာ ဇာတ်ကားတွေအဖြစ် ဘရာဇီးဒါရိုက်တာ Glauber Rocha ရဲ့ Black God, White Devil (Deus e o Diabo na Terra do Sol, 1964) ဇာတ်ကားနဲ့ အာဂျင်တီနားဒါရိုက်တာ ၂ယောက် Fernando Solanas နဲ့ Octavio Getino တို့ရိုက်တဲ့ La Hora de los Hornos (The Hour of the Furnaces, 1968 ဇာတ်ကားတို့ကို ညွှန်းချင်ပါတယ်။

ဒီ Third Cinema ရဲ့ အစိတ်အပိုင်းအနေနဲ့ ၁၉၅၀ နှောင်းပိုင်း ကနေ ၁၉၇၀ အစောပိုင်းအတွင်း ဘရာဇီးမှာ ပေါ်ထွန်းခဲ့တဲ့ ရုပ်ရှင်လှုပ်ရှားမှု Cinema Novo အကြောင်းလည်း သတိတရ ထည့်ရေးချင်ပါတယ်။ ဘရာဇီးမှာ ၁၉၆၄ ခုနှစ် စ_စ်တ_ပ်အာဏာသိ_မ်းအပြီး ဆင်ဆာစနစ်၊ ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ပြင်းထန်လာချိန် Cinema Novo ရုပ်ရှင်တွေ ပေါ်လာတယ်။

အထက်မှာပြောခဲ့တဲ့ ဘရာဇီးဒါရိုက်တာ Glauber Rocha ဟာ ဘရာဇီး Cinema Novo လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပါပဲ။ သူ့ ရဲ့ "An Aesthetics of Hunger" (၁၉၆၅) စာတမ်းမှာ ဆင်းရဲမှုကို ရုပ်ရှင်မှာ လှပအောင် မဖန်တီးဘဲ၊ အဲဒီ ဆင်းရဲမှုရဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခကို တိုက်ရိုက်ပြသပြီး ပရိသတ်ကို နိုးကြားစေရမယ်ဆိုတဲ့ သဘောတရားကို တင်ပြခဲ့တယ်။ ဒီသဘောတရားဟာ ဆင်ဆာဖိနှိပ်မှုအောက်က ရုပ်ရှင်ဖန်တီးသူတွေအတွက် အင်မတန်တန်ဖိုးရှိတဲ့ သဘောတရားဖြစ်တယ်။

Cinema Novo ကို အဓိက တွန်းအားဖြစ်စေတာ ၃ရပ်ရှိတယ်။

က) Italian Neorealism တကယ့်ဘ၀ကို အရှိအတိုင်း ပုံဖော်ရိုက်ကူးတယ်။ လမ်းဘေး ရုပ်ရှင်များလို့ ပြောရမလားပဲ။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ သရုပ်ဆောင်တွေ သုံးတယ်။

ခ) French New Wave ဘက်ဂျက်က နည်းတော့ စမ်းသပ်ရိုက်ချက်တွေနဲ့ ကိုယ်ပြချင်တာကို ဖြစ်အောင်လုပ်ကြတယ်။

ဂ) ပြီးတော့ ဆင်းရဲမွဲတေမှုတွေ ကိုလိုနီစနစ်ရဲ့ ဒါဏ်ရာဒါဏ်ချက်တွေ နဲ့ အထက်မှာပြောခဲ့တဲ့ ၁၉၆၄ စစ်တပ် အာဏာသိမ်းပြီးနောက် ဖိနှိပ်မှုများ ပိုမို ပြင်းထန်လာတာတွေဟာလည်း တွန်းအားတရပ်ဖြစ်စေခဲ့ပါတယ်။ အပူချိန်နဲ့ ဖိအားက တအားပြင်းထန်လာတဲ့အခါ အဲ့ဒီထဲကနေ ပိုမို တောက်ပသော ရတနာတွေ ထွက်ပေါ်လာစေသလိုပေါ့။

Cinema Novo ရဲ့ အဓိက ဝိသေသလက္ခဏာ ၅ရပ် ရှိပါတယ်။

၁။ ဆင်းရဲမွဲတေမှုနဲ့ လူမှုရေးဖိနှိပ်ခံရမှုကို တိုက်ရိုက် ပုံဖော်ခြင်း။ ဘရာဇီးရဲ့ ဆင်းရဲသား လူတန်းစား၊ လယ်သမားတွေ၊ ဆင်ခြေဖုံး နေထိုင်သူတွေရဲ့ ဘဝကို အဓိကထား ရိုက်ကူးပြသတယ်။

၂။ Aesthetics of Hunger (ဆာလောင်မှု ရဲ့ အနုပညာ)။ Glauber Rocha ရဲ့ ၁၉၆၅ ခုနှစ် manifesto မှာ တင်ပြခဲ့တဲ့ အယူအဆပါပဲ။ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်မထားဘဲ အလှတရားအဖြစ်နဲ့ မဖန်တီးဘဲ တော်လှန်ရေးစွမ်းအင်အဖြစ် အသုံးချရမယ်လို့ ဆိုလိုတာဖြစ်တယ်။ ဆင်းရဲမှုက အကြမ်းဖက်မှုကို မွေးဖွားစေတယ်၊ ဒါကို ရုပ်ရှင်မှာပြသပြီး ပရိသတ်ကို နိုးကြားလာအောင် လုပ်ရမယ် ... တဲ့။

၃။ နည်းပညာ အားနည်းမှုကို အားသာချက် အဖြစ် ပြောင်းလဲခြင်း။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်တယ်။ ရုပ်ရှင်စတူရီယိုကြီးတွေမှာ မရိုက်ပဲ လမ်းဘေးမှာ ရိုက်တယ်။ ပရော်ဖက်ရှင်နယ် ရုပ်ရှင်မီးတွေက စျေးကြီးတော့ သဘာ၀ အလင်းရောင်နဲ့ များများရိုက်တယ်။ ရုပ်ရှင်ပညာအရပြောရရင် artificial lighting ထက် Available Lighting အသုံးများတယ်ပေါ့။

နောက်ထပ် ၂ချက်ကတော့ ...

ရုပ်ရှင်ကို ဖျော်ဖြေရုံ မဟုတ်ဘဲ လူထုကို နိုးကြားစေပြီး လူမှုရေး ပြုပြင်ရေးအတွက် လှုံ့ဆော်ဖို့သုံးတယ်။ ပြီးတော့ နောက်ဆုံးအချက် ဘရာဇီးရဲ့ ဘာသာရေး၊ ရိုးရာ ယုံကြည်မှု၊ ဂီတနဲ့ ဒဏ္ဍာရီတွေကို ထည့်သွင်းရိုက်ကူး‌ပြီး ဘရာဇီးယဉ်ကျေးမှုရဲ့ အားကို ရယူပါတယ်။

Cinema Novo အကြောင်း ကျနော် နောက်ထပ်အခွင့်သင့်ရင် အကျယ်ရေးပါဦးမယ်။ ကျနော်တို့ တော်လှန်ရေးဘက်က ရုပ်ရှင်သမားတွေအနေနဲ့ ဒီလမ်းကြောင်းကို လိုက်သင့်တယ်လို့ ထင်မိတယ်။ တော်လှန်ရေးဇာတ်ကားသက်သက်မဟုတ်ပဲ ဖျော်ဖြေရေးဘက်ကို ဘယ်လို ရောယှက်ကြမလဲ စဉ်းစားဖို့ပါ။

စာလည်း (တိုချင်ပေမဲ့) ရှည်သွားရပြီမို့ ဒီမှာတင်ပဲ ဖြတ်ထားခဲ့ပါ့မယ်။ နောက်ထပ် ပြောချင်တာတွေတော့ အများကြီးရှိပါသေးတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง มหาวิทยาลัย ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


No. 734 Moo 7, Mae Pa Subdistrict, Mae Sot District, Tak Province
Mae Sot
63110