My Diary

My Diary

Share

အမှတ်တမဲ့များကြာလာလျှင်၊ အမှတ်တရအဖြစ် အမြစ်တွယ်သွားတတ်ကြသည်။မောင်ဇိုဖေ

Photos from My Diary's post 03/31/2025

Vincent van Goghသည်
ပြင်သစ်တောင်ပိုင်းတွင်နေထိုင်စဉ်
စာပို့သမားတဦးနှင့်သူ၏မိသားစုဝင်
များ၏ပုံတူ ၂၆ ပုံအားအဘယ်ကြောင့်
ပန်းချီဆွဲခဲ့ပါသနည်း။

၁၈၈၀ ခုနှစ်နှောင်းပိုင်းတွင် Vincent van Gogh သည် ပြင်သစ်တောင်ပိုင်းတွင် နှစ်နှစ်နေထိုင်ခဲ့သည်။
အဲဒီနှစ်နှစ်ဟာဒတ်ချ်လူမျိုးပန်းချီဆရာအတွက်တော့ ဘဝဟာအတော်လေးဗြောင်းဆန်နေချိန်တွေဖြစ်ခဲ့ပေမဲ့သူ့အတွက်တော့ထူးထူးခြားခြားအကျိုးဖြစ်ထွန်းခဲ့တယ်လို့ဆိုရမယ်။
ဗနိဂိုးဟာ Arles ရထားဘူတာမှာအလုပ်လုပ်နေတဲ့အသက် (၄၇)နှစ်အရွယ် စာတိုက်ဝန်ထမ်း Joseph Roulin နှင့် ရင်းနှီးခဲ့ပြီးသူတို့နှစ်
ယောက်ရဲ့ဆက်ဆံရေးဟာဒီစီးရီးရေးဆွဲဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းဖြစ်လာတယ်လို့ဆိုရမယ်။

Roulin ကိုသူရဲ့အပြာရောင်ယူနီဖောင်းနှင့် စာပို့သမားဦးထုပ်ကို သရုပ်ဖော်
ရေးဆွဲထားပြီး ဒီကနေ့မှာတော့စာပို့သမားကြီးရဲ့ပုံတူဟာ ဗန်ဂိုးရဲ့အကျော်ကြားဆုံးပန်းချီကားတွေထဲက တခုဖြစ်လို့နေပါပြီ။
ဒါပေမဲ့ ဗန်ဂိုးဟာ စာပို့သမားကြီးရဲ့ပုံတခုတည်းနဲ့ရပ်တန့်မသွားပဲ စာပို့သမားကြီး Roulin နှင့် သူရဲ့ ဇနီး Augustine နှင့် သူတို့ရဲ့သားသမီး သုံးယောက်စလုံးရဲ့ပုံတူ စုစုပေါင်း(၂၆)ပုံနဲ့တမိသားစုလုံးရဲ့ပုံတူတွေကို ရေးဆွဲခဲ့တယ်။
ဒီအတွဲလိုက်(စီးရီး)ဟာဗန်ဂိုးရဲ့အနုပညာသက်တမ်းတလျှောက်လေးစားစရာအကောင်းဆုံးပုံတူစီးရီးတွေထဲကတခုဖြစ်လာခဲ့တယ်။

စာပို့သမားနဲ့သူမိသားစုဝင်တွေအားလုံးရဲ့ပုံတူတွေကိုငါရေးနိုင်ခဲ့ပြီးကွလို့ ဗန်ဂိုးက(၁၈၈၈)ခုနှစ်နှောင်းပိုင်းမှာသူ့ညီသီအိုစီကိုစာရေးပို့ခဲ့တယ်။စာပို့သမားနဲ့ သူ့ဇနီး၊သူ့ကလေးတွေနဲ့ ၁၆ နှစ်အရွယ်သူတို့ရဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးပုံတွေသူတို့တွေအားလုံးဟာတကယ့်ကိုပြင်သစ်ဆန်တာမင်းတွေ့ရလိမ့်မယ် အဲဒါတွေကိုငါဘယ်လိုအမိအရဖမ်းစုပ်ယူထားသလည်းဆိုတာမင်းတွေ့ရင်မင်းခံစားနိုင်မယ်ဆိုတာငါအသေအချာပြောရဲတယ်သီအို လို့ သူ့စာထဲမှာ စိတ်အားထက်သန်စွာရေးထားတွေ့ရတယ်။

ဗန်ဂိုးဟာသူ့အသက်၃၀နှစ်လည်
လောက်မှာ နယ်သာလန်နှင့် ပါရီတို့မှာအလုပ်တွေလုပ်ပြီးနောက်ပိုင်းသူ့အမြင်တွေပြောင်းလဲပြီးတခုခုတိုးတက်လာလေမလည်းဆိုတဲ့စိတ်နဲ့ ပြင်သစ်တောင်ပိုင်းက Arles ကိုရောက်လာတယ်။
ဒီကနေ့ခေတ်မှာနာမည်ကျော်
ပန်းချီကားဖြစ်လာတဲ့ အဝါရောင်
အိမ် Yellow House ဆိုတဲ့
သူ့ရဲ့စတူဒီယိုဖြစ်လာမဲ့ အိမ်ဝါကြီးစီကိုသူပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီအိမ်ဝါကြီးမှာပဲ နေကြာပန်းများ၊အိပ်ခန်းအပါအဝင်စာပို့သမားကြီး Roulinsနဲ့သူ့မိသားစုဝင်တွေအားလုံးရဲ့ပုံတူတွေကိုရေးဆွဲခဲ့တယ်။
အများပြောကြတာတော့သူဟာ Arlesမှာရှိတဲ့ ဒေသခံတွေအတော်များများနဲ့ အဆက်အဆံလုပ်လေ့မရှိဘူးလို့ဆိုကြပေမဲ့ စာပို့သမားကြီး Roulinကတော့ သူ့အပေါ်ကြင်ကြင်နာနာရှိပုံရတာကိုသူသတိထားမိခဲ့တယ်။
စာပိုသမားကြီးနဲ့ဗန်ဂိုးတို့နှစ်
ယောက်ဟာ Marie Ginoux ပိုင်တဲ့ကာဖေးမှာအတူသောက်ကြမူးကြရာကနေစတင်ခင်မင်ပြီး"သူတို့နှစ်ယောက်ဟာညီအကိုတွေအတိုင်းပဲ"လို့ပြောစမှတ်ပြုကြတယ်။

1888 ခုနှစ် တခုသောဒီဇင်ဘာလအရောက်မှာတော့ပန်းချီဆရာဟာသူ့ရဲ့ဘယ်ဖက်နားရွက်ကို ဖြတ်မိချိန်မှာအကူအညီပေးခဲ့သူဟာစာပို့သမားကြီး Roulin ပဲဖြစ်နေခဲ့ပါတယ်။စာပို့သမားကြီးကပဲသူ့ကို စိတ်ရောကိုယ်ရောပြန်လည်ကျမ်းမာလာသည်အထိကူညီပေးခဲ့တယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့အဲဒီအဖြစ်အပျက်အပြီးမှာတော့ Roulin ကပန်းချီဆရာကိုအိမ်ပြန်ခေါ်သွားပြီး ဆေးရုံတက်တာတွေ့၊ ပြန်လည်သက်သာလာချိန်မှာ သူ့ကိစ္စအဝဝတွေကိုပြုစုစောင့်ရှောက်ပြီး ပုံမှန်ဘဝကိုပြန်ရောက်ဖို့ပြုစုစောင့်ရှောက်ခဲ့ပါတယ်”
စာပို့သမားနဲ့ပန်းချီဆရာဟာအဲဒီရက်သတ္တပတ်တွေအတွင်းလောက်က
ရင်းနှီးမူမျိုးဘယ်တုန်းကမှသူမရခဲ့ဖူးဘူး။အဲ့ဒီလိုနွေးထွေးတဲ့ဂရုစိုက်မှူမျိုးနဲ့မိသားစုဆန်တဲ့ရင်းနှီးမှုတွေကြောင့်ပဲ
ဗန်ဂိုးဟာ စာပို့သမားကြီးတို့တမိသားစုလုံးပုံတွေကိုဆွဲဖြစ်ရခြင်းအဓိကအကြောင်းဖြစ်မယ်လို့ထင်တယ်။

(၁၈၈၈)ခုနှစ် ဇူလိုင်လကနေ(၁၈၈၉)ခုနှစ်ဧပြီလအကြားတွင် Van Gogh ဟာ ပန်းချီကားခြောက်ကားအပြင် Roulin ၏ ပုံကြမ်းသုံးပုံရေးဆွဲပြီးစီးခဲ့သည်။ သူသည် Augustine ၏ ပန်းချီကား ၈ ချပ်နှင့် ကလေးတယောက်ခြင်းင်္စရဲ့ပုံ(၃)ပုံနှင့်အသက် ၁၇ နှစ်အရွယ် (Armand)အာမန်၊ ၁၁ နှစ်အရွယ် Camille နှင့် မွေးကင်းစကလေးလေး Marcelle တို့ရဲ့ပုံတွေကိုရေးဆွဲပြီးစီးခဲ့ပါတယ်။
ဒီပုံတူကားတွေရဲ့တဝက်ကျော်ကျော်လောက်
ဟာသူဘဝနဲ့ရင်းပြီးရေးခဲ့တဲ့ကားတွေလို့ဆိုရမယ်။
ဗန်ဂိုးသေဆုံးပြီးနောက်သူကားတွေပြင်သစ်နိုင်ငံပါရီမှာဈေးကွက်ရလာချိန်ကျင်းပတဲ့ပြပွဲတွေကနေတဆင့် အပိုဓာတ်ပုံတွေ၊စာတွေ၊သမိုင်းမှတ်တမ်းတွေကနေတဆင့် စာပို့သမားကြီး Roulins တို့မိသားစုရဲ့ဘဝပိုမိုတောက်ပလာစေခဲ့တယ်။
အဲဒီကာလတွေမှာ Roulin ရဲ့ ကလေးArmand ဟာလည်းတူနီးရှားမှာ ရဲအရာရှိတဦးဖြစ်လာခဲ့ပြီး Camille ကတော့စစ်တပ်ထဲဝင်ပြီးအင်ဒိုချိုင်းနားတွင် အမှုထမ်းဆောင်နေခဲ့ပြီလို့သိရတယ်။

ပန်းချီဆရာဟာဒီမိသားစုနဲ့ တွေ့ဆုံချိန်
အစပိုင်းလောက်မှာပဲစာပို့သမားကြီးRoulinsရဲ့သမီးလေး Marcelle ကို မွေးဖွားခဲ့ပါတယ်။ (၁၈၈၈)ခုနှစ် ဇူလိုင်လမှာပန်းချီဆရာကသူညီမထံ စာရေးခဲ့သည်။
အဝါရောင်၊နက်ပြာရောင်ဝတ်စုံနဲ့စာပို့သမားတယောက်ရဲပုံတူကိုငါအခုစရေးနေပြီ ဒီငနဲက အတော်ထက်မြက်ပြီးစိတ်အားထက်သန်တဲ့ရီပါဗလစ်ကန်နဲ့ဆိုရှယ်လစ်တယောက်ဟာ့၊သူကအကြောင်းအရာအမျိုးစုံကိုနှံနှံစပ်စပ်သိပြီးဗဟုသုတအတော်ကြွယ်ဝတယ်၊ဒီကနေ့ပဲသူ့ဇနီးသည်ဟာအောင်မြင်စွာမီးဖွားခဲ့ပြီးပြီဆိုတော့ ခလေးမျက်နှာကြည့်ပြီး ဒီလူကတော့အတော်အူမြူးနေပုံပဲဟု ပန်ချီဆရာကသူ့ညီမဖြစ်သူထံစာရေးပေးပို့ခဲ့သည်။

ဗန်ဂိုးဟာ အမြဲတမ်းအထီးကျန်ဝေဒနာခံစားနေရပြီးမစွံတဲ့သူအချစ်ရေးကလည်းပိုမိုနာကျင်စေခဲ့ပုံရတယ်သူအဲဒီလိုစိတ်ဝေဒနာအကြီးအကျယ်ဖြစ်ပြီးရူးမတတ်ဖြစ်နေချိန်မှာ Roulinနဲ့မိသားစုတွေရဲ့ကြင်နာမှူနဲ့ဖေးမကူညီမှုတွေကြောင့်စိတ်သက်သာရာရခဲ့ပြီး Roulin ကိုလေးစားအားကျအထင်ကြီးစိတ်ဝင်ခဲ့ပုံရတယ်လို့ပညာရှင်တွေက Roulin မိသားစုဝင်တွေမြေးမြစ်တွေကနေတဆင့်ဓာတ်ပုံတွေ၊စာတွေမှတ်တမ်းတွေပြီးရှာဖွေလေ့လာပြီးခန့်မှန်းထားကြတယ်။

သူတို့ဟာဗန်ဂိုးအတွက် မော်ဒယ်ဆိုတာထက်အများကြီးပိုပါတယ်” ဟု VanGogh ပြတိုက်မှ အကြီးတန်း ပြတိုက်မှူး Nienke Bakker က ပြောကြားရာတွင် “ဒီRoulinမိသားစုနဲ့အတူ ဗန်ဂိုးဟာသူဘယ်တော့မှ မစတင်နိုင်တော့တဲ့ မိသားစုရဲ့ နွေးထွေးမှုကို သူရှာဖွေတွေ့ရှိသွားခဲ့ပုံရတယ်။

စာပို့သမားကြီး Roulinရဲ့ပုံတူကားတွေဟာကမ္ဘာတဝှမ်းကပြတိုက်တွေနဲ့သီးသန့်စုဆောင်းသူတွေစီ နှစ်ပေါင်းများစွာ ပြန့်ကျဲနေခဲ့တယ်။အခုတော့အဲဒီကားတွေအကုန်လုံးနီးပါးကိုတစုတစည်းတည်းပြပွဲတခုအနေနဲ့နိုင်ငံတကာရှိပြတိုက်များတွင်လှည့်လည်ပြသနေပြီဖြစ်သည်။

Van Gogh- Roulin Family Portraits” ကို မတ် 30 မှ 2025 ခုနှစ်စက်တင်ဘာလ 7 ရက်နေ့အထိ Boston ရှိ ဘော့စတွန်မြို့ရှိ အနုပညာပြတိုက်
တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့နောက် Van Gogh and the Roulins ရှိရာ အမ်စတာဒမ်ရှိ Van Gogh ပြတိုက်သို့ပြန်ရောက်မည်။
"Together Again at Last” ကို 2025 ခုနှစ် အောက်တိုဘာလ 3 ရက်နေ့မှ 2026 ခုနှစ် ဇန်နဝါရီလ 11 ရက်နေ့အထိ ပြသပါမည်။

မတ်-၁၉-၂၀၂၅ ရက်နေ့
Smithsonian Magazineမှ
Sonja Anderson ၏ဆောင်းပါးကိုဘာသာပြန်ထားပါသည်။

မောင်ဇိုဖေ
မတ်-၃၁.၂၀

၅်း

11/29/2024

ရွက်နုဝေ

မင်းပြောခဲ့ဖူးတဲ့မီးနဲ့မကစားနဲ့ဆိုတဲ့စကားကိုမကြာခဏဆိုသလိုတွေးနေမိတယ်ပြီးတော့အဲဒီမီးဟာမင်းကိုယ်တိုင်ဖြစ်နေမယ်လို့ဘယ်တုန်းကမှမတွေးခဲ့မိဘူး။အခုချိန်ထိသံသယရှိနေတုန်းဘဲ။

ဒါဟာအမှန်တရားပါလို့မင်းဘယ်လိုပြောနိုင်လည်း ဘာလို့လဲဆိုတော့ကိုယ်တို့ မြတ်နိုးမိတဲ့အရာမှန်သမျှကိုကိုယ်တို့နှစ်ယောက်လုံးဆုံးရှုံးနေကြရတယ်မဟုတ်လား။
တကယ်လို့များမင်းသာ အဲဒီမီးဖြစ်နေခဲ့ရင် အဆုံးသတ်ဟာဘယ်လိုရှိမယ်ဆိုတာမင်းကိုယ့်ကို ပြောပြနိုင်မလား။
ဘာကြောင့်လဲဆိုတော့ကိုယ့်အနေနဲ့ဒီလိုကြိုးစားအားထုတ်ခဲ့ရတာတန်ရဲ့လားဆိုတာပြန်သုံးသပ်လို့ရတာပေါ့။

သစ်ပင်တွေရဲ့ပျော့ပျောင်းနူးညံတဲ့အကိုင်းအခက်တွေကနေရွက်နုလေးတွေဟာမကြာခင်တိုးထွက်လာကြတော့မယ်၊ပြီးတော့အချိန်တန်ရင်ဝေဝေဆာဆာဖြစ်လာမှာမဟုတ်လား။
မုန်တိုင်းဆဲရင်တော့လေပြေညှင်းတွေရောက်လာတတ်စမြဲမဟုတ်လား။
လူတယောက်ကိုတကယ်ချစ်မိသွားပြီဆိုရင်ခွင့်လွှတ်ခြင်းဆိုတာသင်ယူနေစရာမလိုတော့ဘူးတဲ့ဘယ်သူစပြောခဲ့တဲ့စကားမှန်းအသေအချာမသိပါဘူး။
အဲဒီလိုနဲ့ကျွန်တော်ဟာညရဲ့အရိပ်ကနေပြေးထွက်လာခဲ့တယ်။အရာရာဟာဝိုးတဝါးနဲ့အတိတ်တစ္ဆေအခြောက်
လှန့်ခံနေရတုန်းဘဲ ဘယ်လိုမှကြိုးစားဖျောက်ဖျက်လို့မရဘူး။
ဝင်သက်ထွက်သက်တိုင်း နာရီမိနစ်တွေတိုင်းမှာမင်းဟာစိုးမိုးလို့ထားတာကြောက်စရာကောင်းလောက်အောင်ပါဘဲ။
နောက်ဆုံးမှာတော့ကြိုးစားခဲ့သမျှအရာထင်ခဲ့ပါတယ် ရှိသမျှကိုအကောင်းဆုံးလို့ကျေနပ်ရောင့်ရဲပြီးမြဲမြဲစုပ်ကိုင်လို့ထားလိုက်တော့တယ်။

ဘယ်သူသိနိုင်ပါ့မလည်းတနေ့ဒီလိုနေ့မျိုးကြုံလာရလိမ့်မည်လို့ဘယ်တုန်းကမှမတွေးခဲ့မိဘူး။
ဒီလိုအခြေအနေမှာ ကျောခိုင်းထွက်ခွာသင့်သလား၊ဒါမှမဟုတ်နေမြဲနေရာမှာဆက်ရှိနေသင့်သလားဆိုတာကိုဘယ်လိုအင့်အားမျိုးနဲ့ဆုံးဖြတ်ရမှာလဲ။

ဘယ်လိုဘဲကြိုးစားပြီးညှိနှိုင်းနေကြပေမဲ့အဆုံးသတ်မှာတော့အခြေအနေဟာပိုဆိုးဖို့ပဲအကြောင်းဖန်လာတော့တယ်။

ဒီလိုနဲ့ဘဲ သစ်ပင်တွေရဲ့ပျော့ပျောင်းနူးညံတဲ့အကိုင်းအခက်တွေကနေရွက်နုလေးတွေဟာမကြာခင်တိုးထွက်လို့လာကြတော့မယ်၊ပြီးတော့အချိန်တန်ရင်အားလုံးအဆင်ပြေသွားမှာပါ။
မုန်တိုင်းဆဲရင်တော့လေပြေညှင်းတွေရောက်လာတတ်စမြဲမဟုတ်လား။
အတိတ်ကဒဏ်ရာတွေကို ဘာနဲ့ကုစားသွားကြမလဲ။ဘယ်လိုကုစားသွားကြမလဲဆိုတာတော့ဘယ်သူသိနိုင်မှာလည်း။
တချို့ကတော့ အချိန်ဟာအကောင်းဆုံးသမားတော်တဲ့လေ။အချိန်ကရောဘယ်လိုဝေဒနာတွေကိုကုသပေးနိုင်ပါသလည်း။ဘယ်လိုကုထုံးမျိုးနဲ့ကုသတာလည်း။သေသောသူကြာရင်မေ့ဆိုတာရှိသလို ပျောက်သောသူရှာရင်တွေ့ဆိုတဲ့ဆိုရိုးစကားဟာ ဆင်တူရိုးမားရှိလှပေမဲ့အဓိပ္ပာယ်ကတော့ဆန့်ကျင်ဖက်ဖြစ်နေသလိုဘဲ။
ဘာဖြစ်လို့လဲဆိုတော့ဒီအဖြစ်အပျက်
တွေအားလုံးဟာချစ်ခြင်းမေတ္တာကနေအစပြုခဲ့တာဘဲမဟုတ်လား။
တနေ့နေ့မှာတော့အရာအားလုံးဟာအဆင်ပြေသွားမှာပါလို့မျှော်လင့်မိတယ်။အချိန်တန်ရင်အားလုံးအဆင်ပြေသွားမှာပါ။
မကြာခင်ရွက်နုတွေဝေလို့စိမ်းလန်းတဲ့ရွက်သစ်တွေကိုပြန်တွေ့ရမှာပါ။

မောင်ဇိုဖေ
နိုဝင်ဘာ.၁၃.၂၀၂၄

09/27/2024

Mini prose-5

ပြတင်းတံခါးအားဖွင့်လိုက်သည်နှင့်ညစ်ညူးသော လေထုနှင့် အတူရှင်းသန့်သောတဏှာစိတ်များအိမ်တွင်းသို့ဝင်ရောက်လာပုံကညင်သာသိမ်မွှေလှသည်
အရက်ကိုအနည်းငယ်သောက်ရုံနှင့်မူးသောသူနှင့်အချစ်ကိုအနည်းငယ်
သောက်သုံးရုံနှင့်မူးသောသူတွင်မည်
သူအရင်ငွေရှင်းမည်ဟုထင်ပါသလည်း။
အထက်ပါအရာများကိုဝေဖန်ကိုခွဲခြားသုံးသပ်ရန်ကျွန်တော့ဉာဏ်မမှီပါ။အမြင်အာရုံ၏ ဦးဆောင်မှူနှင့် ရသာရုံသည် အတွေ့နဲ့ အထိအောက်သ်ို့ ကျရှုံးခဲ့ရသည့်နောက်တွင်သာယာမှူသည် နောက်ကလိုက်လာတတ်သည်။
တဏှာဟု ဆိုလိုက်လျှင်ညစ်ညမ်းသည် ဟု လူအများက အဘယ်ကြောင့် ထင်ကြသည်ကိုစဉ်းစားမရပါ။
တဏှာဆိုသော စကား၏ဆိုလိုရင်းမှာ လိုလားတပ်မက်ခြင်းပင်ဖြစ်သည်ကို လူတိုင်းနီးပါးသိကြမည်ဟု
ထင်သည်။သင်ပိုင်ဆိုင်သောမည်သည်အရာကိုမဆိုသင့်အနေနှင့်
လိုလားတပ်မက်ခွင့်ရှိနိုင်ပါသော်လည်း မိမိဥစ္စာမဟုတ်သောအရာကိုလိုလားတပ်မက်ခြင်းသည် တဏှာပင်
ဖြစ်သည်။
ကျွန်တော်၏အိပ်ခန်းတွင်းသို့ဝင်ရောလာသည့်ရှင်းသန့်သောတဏှာစိတ်မှာ ပြတင်းပေါက်မှလှမ်းမြင်ရသောလွင့်မြောနေသောတိမ်များ၊တဖက်ခြမ်းရှိအိမ်၏ခြံစည်းရိုးဘေးတွင်ပေါက်နေသောတရုတ်စကားပင်မှကြွေကျထားသောပန်းဖြူဖြူလေးများကောက်ယူနမ်းရှိက်ချင်မိယုံသက်သက်ပင်ဖြစ်သည်။လာမည့် စနေနေ့ထွက်မည် မီလျံဒေါ်လာ ၅၀၀ ကျော်ပေါက်မဲနံပတ်လက်မှတ်ဝယ်ရန် ၂ ဒေါ်လာတန်ငွေစက္ကူကျွန်တော်တွင်ပါမလာသဖြင့် စိတ်ကူးယဉ်အိပ်မက်ပင်ဆက်မက်ခွင့်မရှိရသူဖြစ်သည်။

မိုးခါးရေသောက်မိသောကြောင့် တနိုင်ငံလုံးရူးသွပ်သွားကြသည်ဆိုသောပုံပြင်ထဲမှတိုင်းပြည်ကို Google Map ဖြင့်ရှာနေမိခြင်းသည်မိုးခါးရေသောက်စရာမလိုကြောင်းသိပ္ပံပညာကိုယုံကြည်အားကိုးသူက Fact ဟု တံဆိပ်ကပ်ပြီးသင့်ကို သတ်မှတ်နေရာတခုတွင်သိမ်းစည်းထားလိမ့်မည်။
ညနေအပြန်ရထားသည်
လယ်ကွင်းများ၊တောင်တန်းများ၊ချိုင့်ဝှမ်းများကိုဖြတ်သန်းခဲ့သည်။
ရထားလမ်းဘေးတဖက်တချက်စီမှာ ဓါတ်မီးတိုင်များခြုံပုတ်ပင်များ၊ကန္တာရဆူးပင်ပုပုများသည်ပြတင်းတံခါးသို့အပြေး လိုက်လာကြသည်ဟုကျွန်တော်ထင်နေမိသည်။

ဖုန်တထောင်းထောင်ထနေသောနွားအုပ်ကြီး၏အိမ်ပြန်ချိန်နှင့်
ဓါတ်ကြိုးတန်းပေါ်တွင်အစီအရီနားနေကြသော ပျံလွှားငှက်တို့၏
အိမ်တန်းတက်ချိန်သည်အဘယ့်ကြောင့်တူနေရပါသနည်း။
ညဆိုသည်မှာသောက်စားမူးယစ်ရန်ပြီး
ကာမဂုဏ်ခံစားဖို့ရန်နှင့်အိပ်စက်အနားယူရန်သက်သက်အမှောင်ချပေးထားသည့်အရာလားသို့မဟုတ် ခေါင်းဦးဖက်အိပ်ရင်း တကိုယ်ရေ အာသာဖြေဖို့ရန် သက်သက်လား၊
ညဆိုသည်မှာ ရိုက်နှက်ကန်ကျောက်ခံရပြီး ချောင်တချောင်တွင် တိတ်တစိတ် ငိုကျွေးနေရန် သက်သက်လား။
ညဆိုသည်မှာပင်ပန်းနွမ်းနယ်မှူများမှ အပန်းဖြေဖို့ ရာသက်သက်သာဖြစ်သင့်သည်ဟုမည်သူကစတင်သတ်မှတ်ထားပါသလည်း။

ကမ်းခြေတလျှောက်မှ အုန်းပင်များ၊ထင်းရှူးပင်များနှင့် တောင်
တန်းတွေပေါ်၊ တောင်ကမ်းပါးယံတွေပေါ်၊ သံလမ်းပေါ်မှ တဆင့်
လွင်ပြင်ကျယ်တွေ၊
မြစ်ချောင်းတွေ၊ချိုင့်ဝှမ်းတွေကိုဖြတ် သန်းလာသော ထိုရထားသည် တဘူတာပြီး တဘူတာ နားခိုရင်းဆက်လက်မောင်း နှင်လာခဲ့သည်။

မြို့တချို့၏ညနေခင်းများ၊ မြို့တချို့၏မနက်ခင်းများ၊
ရွာသိမ်ရွာငယ်လေးများ၏ နေ့လည်ခင်းများနဲ့ ညလည်များကိုသူ
နှုတ်ဆက်ခဲ့သည်။
ချစ်ခြင်းတရားကိုအယုံအကြည်မရှိခဲ့သူသည် သူ မယုံကြည်ခဲ့သောချစ်ခြင်းတရားကသူ့အား ပြန်၍
မယုံကြည်ခဲ့ပေ။
ချစ်စကြင်စမှာပင် ဒုက္ခတရားသည် မေတ္တာတရား၏ခြေထောက်များကို ရိုက်ချိုးခဲ့သည်။
ယုံကြည်မှူဆိုသောအရာသည်
မိုးရေများနှင့်အတူ ကားပေါ်တွင်၊အိပ်ခန်းထဲတွင်၊လုပ်ငန်းခွင်ထဲတွင်ကျောင်းခန်းထဲတွင်၊တရားရုံးပေါ်တွင် လွှတ်တော်ထဲတွင် ခြေမွဖျက်စီးနင်းခြေခံလိုက်ရသော အခါ
ပန်းတပွင့်သည် သူ့ဝတ်မှူံများကို ကာကွယ်ရန် စိတ်ဒါဏ်ရာတွေကို ကျောခိုင်းခဲ့သည်။
ပရဒိသုခဘုံတွင်သာယာနာပျော်ဖွယ်ကောင်းသောတေးသံနှင့်လွှမ်းခြုံနေလိမ့်မည်ဟုသင်ထင်ပါသလား။

ကမ်းခြေရှိ သဲသောင်ပြင်ပေါ်တွင် ကလေးငယ်တဦးခြေထိုးဆောက်ခဲ့သောသဲအိမ်လေးလှိုင်းများ၏တိုက်စား ဖျက်စီးခဲ့လိုက် ရသော အခိုက်အတန့်များရှိသည်။
ယုံကြည်ချက်ဆိုသည်မှာ တဖက်အသင်းကို ပြောင်းရွှေ့ခံလိုက်ရသော ကစားသမားလိုပင် သင့်အနေနှင့်မည်မျှပင်ယုံကြည်မှူရှိနေပါစေ ထိုယုံကြည်ချက်အားချက်ခြင်းတည်ဆောက်ရန် မလွယ်ပေ။
ဘက်ပြောင်းလိုက်ရသောအခိုက်အတန့်အတွက် သင့်ကိုလက်ခံသောသူ နှစ်ဦး၊အချိန်ကာလတခုနှင့် အားစိုက်မှုအနည်းငယ်လိုအပ်သည်။
လိုအပ်လျှင်Long Island tea သောက်ပါ များများတော့မသောက်မိပါစေနှင့် မတူညီသောယမကာလေးမျိုးခန့်ရောထားသဖြင့်ရုပ်ချောသလောက်
ခြေဖနောင့်ကွဲပြီးဂျိုင်းချွေးနံ့နံသောမိန်းမနှင့်တူသည်။

ရွေးချယ်ခွင့်မရှိသော ကာလသုံးပါးတွင် ပစ္စုပ္ပန်မှ ကျွန်တော်ပြေးထွက်လာခဲ့သည်။
သူမ၏ အနာဂတ်ကို မျှော်တွေးမိတိုင်း တိမ်ဖုံးခဲ့သော သူမ၏ Trauma များကို မေ့ပျောက်ပြီး ပခုံးနှစ်ဖက်လှုပ်နေသည်အထိ စိတ်လိုလက်ရ ရယ်မောပြုံးပျော်ခဲ့ဖူးသော ထိုကာလများကိုသူမ၏ အမှတ်ရစရာ နှစ်ကာလများအဖြစ် ကျန်ရစ်နေခဲ့စေချင်သည်။
သူမ၏ အမုန်း၊ချစ်ခြင်း၊ဥပေက္ခာနှင့်တကွ ကာလသုံးပါးကို တင်ဆောင်လာသော ထိုရထားအား
နောက်ထပ် တဘူတာပြီး၊တဘူတာ ဆက်လက်စီးနင်းလိုက်ပါရင်း
အဆုံးမဲ့သောထို ခရီးစဉ်၏ one wayလက်မှတ်ကို ကျွန်တော်ကိုယ်
ကိုတိုင်ပင် ဖြတ်ခဲ့မိသည်။

မောင်ဇိုဖေ။

Rhapsody of မောင်ဇိုဖေမှ

08/10/2024

ကျွန်တော့ရဲ့ကဗျာ #တူမီးစကား

‘တူမီးစကား’

◼️မောင်ဇိုဖေ

စိမ်းညို့တဲ့ထင်းရှူးတောမယ်

နွေရာသီတောင်ယာခုတ်ချိန်ဆို

ခေါင်ရေချိုအေးကရေငတ်ပြေတယ်။

ပြောင်းကြမ်းလည်းထောင်းတယ်

ဆောင်းလေလည်းကြမ်းတယ် ခြေဖနောင့်ပါကွဲတယ်၊

ချင်းမလေးခြေသလုံးလည်းတောင့်တယ်။

ငါတို့ပြောတဲ့စကားတော့ တူမီးသံဝဲတယ်။

ချယ်ရီရာသီရောက်ရင်ငါ့နှမလေးတွေ

တောင်ယာသွားတော့ပလိုင်းတဖက်

ဓါးတလက်နဲ့ ထင်းပါခုတ်တယ်။

ငါ့ညီအကိုတွေအမဲလိုက်သွားရင်

ဓါးမြှောင်ခါးထိုး၊တူမီးဖက်ရင်း

တောင်ယာစောင့်တယ်။

ငါတို့မက်တာ တူမီးအိပ်မက်။

ဧည့်သည်ကိုဆိုဆွေမျီုးအရင်းလို

လိုင်မီးနဲ့ဧည်ခံတယ်

မီးဖိုနဘေးနွားသရေခင်းပြီး

အဖွားရက်တဲ့ခြုံစောင်နဲ့နွေးစေတယ်၊

ရန်သူဆိုလည်းရန်သူလိုပဲရွာထိပ်ကနေ

တူမီးနဲ့ ကြိုတယ်။

တတောင်ကျော်ရင်စကားတမျိုးကွဲတယ်၊

စကားအမျိုးပေါင်း(၆၀)ကျော်တယ်၊

ဒီနွေဦးတော့

ဘယ်သူမှ တောင်ယာမခုတ်ဘူး။

ဟိုဖက်တောင်ရော

ဒီဖက်တောင်ရော

(ဘုံ)စကားတမျိုးပဲပြောတယ်၊

အားလုံးလည်းနားလည်တယ်၊

အဲ့ဒါ တူမီးစကားပဲ။

May.06.2021

အင်ဒီယားနားပူးလစ် အင်ဒီယားနား
#မောင်ဇိုဖေ

#ခေါ်သံ

12/18/2023

"ပျော်ရွှင်ခြင်းရထား"

တခြားရထားတွေမှာလည်း နာမည်တွေရှိကြမှာပါပဲ။သူ့နာမည်ကတော့ ပျော်ရွှင်ခြင်းရထားတဲ့။တဘူတာပြီး တဘူတာခုတ်မောင်းရင်းရောက်တဲ့ဘူတာတိုင်းမှာ ခဏနားလေ့ရှိတဲ့ စာပို့ရ
ထားအမျိုးအစားပေါ့။တချို့ဘူတာလေးတွေဆို မရပ်ပဲ အရှိန် လျှော့ပြီး သတင်းစာနဲ့စာတချို့ကို အသင့်စောင့်နေတဲ့သူစီချပေးလိုက်ရုံပဲ။
သူ့နာမည်ကပျော်ရွှင်ခြင်းရထားဆိုပေမဲ့ သူဝင်နားလေ့ရှိတဲ့ဘူတာတွေကတော့ ပျော်စရာ ကောင်းလှပုံမရဘူး။
သူတို့နာမည်တွေကိုလည်းကြည့်ဦး ဝမ်းနည်းခြင်းဘူတာ၊မျက်ရည်ဘူတာ၊ နာကျင်ခြင်းဘူတာ၊ အထီးကျန်ဘူတာ၊ ဝေးကွာခြင်းဘူတာ၊ ဆွေးမြည့်ဘူတာ၊ဖော်မဲ့ဘူတာနဲ့ အလွမ်းဘူတာတဲ့လေ။
ဘာပဲဖြစ်ဖြစ် ရထားကြီးကတော့ အဲဒီဘူတာတွေမှာရပ်တိုင်းသူတို့နာမည်တွေနဲ့လိုက်ဖက်စွာ မပျော်ရွှင်နိုင်တော့ပဲ သူတို့နဲ့အတူဝမ်းနည်းရ၊ ငိုကြွေးရ​ နာကျင်ရ၊ အထီးကျန်ရဆွေးမြည့်အဖော်မဲ့ပြီး အလွမ်းတွေနဲ့အတူတမှိုင်မှိုင်တတွေတွေ။
​သူကိုယ်တိုင်ကတော့ အဲဒီဘူတာတွေကနေထွက်လာပြီး အတော်ကြာမှာပဲ သူရဲ့ပျော်ရွှင်ခြင်းကို နောက်တဘူတာမရောက်ခင်ချိန်ထိသူယူဆောင်လာလေ့ရှိတယ်။
ဒါပေမဲ့သူကစည်းကမ်းရှိတယ်လို့ပြောရမယ် နောက်ဘူတာတခုကိုရောက်ခါနီးတိုင်းဥဩဆွဲပြီး သူ့ကိုသူသတိပေးရင်း သူ့ရဲ့ပျော်ရွှင်ခြင်းကို သိမ်းဆည်းထားလိုက်တယ်။မပျော်ရွှင်နိုင်တဲ့သူတွေရှေ့မှာ ပျော်ရမှာကိုမသင့်တော်ဘူလို့သူကယူစတယ် ဒါကြောင့်သူရဲ့ ပျော်ရွှင်ခြင်းကို သိမ်းဆည်းထားလိုက်တယ်။
အဲဒီလိုနဲ့ပျော်ရွှင်ခြင်းရထားဟာ မနက် နေ့လည်၊ညနေ၊ ညသန်းခေါင်ယံ ကွင်းပြင်ကျယ်တွေ၊ တောင်တန်းတွေ၊ ပင်လယ်ကမ်းခြေ တွေနားဖြတ်သန်းလာခဲ့တယ်။
ကြယ်စုံတဲ့ညကောင်းကင်အောက်မှာ မရပ်နားခဲ့သလို၊လမိုက်ညတွေမှာလည်းသူဟာမအိပ်စက်ခဲ့ဘူး တဖြိုက်ဖြိုက်ရွာတဲ့မိုးရေတွေအောက်မှာလန်းဆန်းခဲ့ဖူးသလို၊ တဖွဲဖွဲကျတဲ့ဆောင်းမနက်ခင်းတွေအောက်မှာ အဖြူရောင်နှင်းစက်တွေနဲ့လည်းအေးခဲခဲ့ဖူးရဲ့။နွေဦးရဲ့ပူနွေးတဲ့နေရောင်ခြည်အောက်မှာလန်းဆန်းတက်ကြွစွာပြေးလွှားရင်း ကျရှုံးခြင်းဘူတာ၊ သံသယဘူတာ၊မယုံကြည်ခြင်းဘူတာ၊သဝန်တိုခြင်းဘူတာ၊မျှော်လင့်ခြင်းဘူတာ၊အယူအစဘူတာ၊ဝိဝါဒကွဲပြားခြင်းဘူတာ၊ လွဲချော်ခြင်းလမ်းခွဲတွေကနဲ့ တမြို့ဝင် တမြို့ထွက်ရပ်နားလိုက် အစပြုလိုက်ခရီးတွေနှင်ခဲ့တယ်။
ပျော်ရွှင်ခြင်းရထားဟာ တောင်ပေါ်မြို့လေးတွေစီကို သံသရာဆိုတဲ့သူရဲ့သံလမ်းထက်လွန်းထိုးရင်းမျှော်လင့်ချက်တွေနဲ့ဆက်ခဲ့တယ်။အပ်ချောင်းတွေလို အရွက်ချွန်ချွန်ထင်းရှူးပင်တွေစီက လတ်ဆတ်တဲ့ထင်းရှူးရနံ့ကို ရသလို၊ပုစဉ်းရင်ကွဲကောင်တွေရဲ့ အော်သံကိုလည်းနားဆင်ခွင့်ရခဲ့တယ်။မည်းမှောင်နေတဲ့လှိုင်ဂူထဲတွေထဲဝင်ရောက်ခဲ့သလို တောင်တန်းတွေပေါ်တဖြေးဖြေးရောက်လာတော့ ရထားကြီးကတွေးတယ် ကောင်းကင်နဲ့တဖြေးဖြေးပိုနီးလာပြီးလခြမ်းကွေးလေးကလည်း သူခေါင်းထက်မှာ သူသွားလေရာကို လမ်းပြနေသလိုရှေ့ကဦးဆောင်နေတယ်လို့သူတွေးတယ်။အလင်းရောင်ပိုတောက်ပလာကြတဲ့ကြယ်တွေကိုမြင်ရတော့သူအားပိုတက်လာပြီး သူ့အရှိန်ကိုမြှင့်လိုက်တယ်။
ပင်လယ်ကမ်းခြေတွေ၊ တမျှော်တတခေါ်လွင်ပြင်ကျယ်တွေမှာပြေးလွှားခဲ့တုန်းက အဝေးကနေသာငေးကြည့်ခဲ့ရတဲ့ ကြယ်နီတျာလေး အရောင်တွေပိုတောက်ပလို့နေတာ သူသတိထားမိလာတယ်။
တောင်ပေါ်မြို့လေးတမြို့ကိုအရောက်မှာတော့ သူအတော်လေးပင်ပန်းနေပြီ မြို့အဝင်က နာဖျားခြင်းဘူတာအရောက်မှာတော့သူမဟန်နိုင်တော့ပဲ အရုပ်ကြိုးပြတ်ရပ်နားလိုက်ရတယ်။
သူနှလုံးခုန်သံတွေအရမ်းမြန်နေခဲ့ပြီး သူရင်တခုလုံးဟာပေါက်ကွဲလုမတတ် ပူလောင်လို့နေတာကိုသူသတိထားမိတယ်၊ သွေးတွေဟာဗလောင်ဆူလို့နေပေမဲ့ တောင်တန်းတွေပေါ်ရောက်မှ အနီးကပ်မြင်ခွင့်ရတဲ့ နီတျာကြယ်လေး မျက်စိအောက်ကပျောက်သွားမှာကိုစိုးရိမ်တဲ့စိတ်က သူ့ကို တပ်လှန့်လို့နေတာကြောင့် ကြာကြာမနားတော့ပဲ ရှေ့ကို ခရီးဆက်ဖို့သူပြင်လိုက်တယ်။
ဒါပေမဲ့ ဒီတောင်ပေါ်မြို့လေးမှာ ရှေ့ဆက်စရာ လမ်းမရှိတော့ဘူးသူ့အနေနဲ့နောက်ကြောင်းပြန်လှည့်ဖို့ပဲရှိတော့တယ်။
ဒီတခါတော့ ဘယ်လို့နည်းနဲမှ ကြယ်နီတျာလေးကို သူအဆုံးအရှုံးမခံတော့ဘူးဆိုပြီး သံသရာဆိုတဲ့လမ်းရှည်ကြီးပေါ်ကနေသူဆင်းလာလိုက်တယ်။
သူ့လမ်းပေါ်ကနေဆင်းလိုက်တာနဲ့တောင်စောင်းက ပြောင်းခင်းတွေရဲ့ငြိုငြင်မှူကိုသူစခံရတယ်၊ပြီးတော့ နေကြာခင်းတွေရဲ့မလိုလားသံကိုသူကြားရတယ်၊စမ်းချောင်းတွေကလည်းသူ့ကိုမကြိုဆိုကြဘူး သူဦးတည်နေတဲ့ ကြယ်နီတျာလေးဟာ ရုတ်တရက်သူ့အနောက်ဖက်မှာ တဖြေးဖြေးပိုဝေးလို့သွားတယ်။
မဟုတ်ဘူး ငါ့ရဲ့ကြယ်နီလေးနဲ့ဝေးလို့မဖြစ်ဘူးဆိုပြီး သူ့ခေါင်းပြန်လှည့်ဖို့ကြိုးစားပေမဲ့ အရှိန်ကို သူမထိန်းနိုင်ခဲ့ဘူး။
တောင်တွေတလုံးပြီးတလုံးသူဖြတ်ကျော်လာချိန်မှာ မျှော်လင့်ခြင်းဘူတာကို ဖျတ်ခနဲတွေ့လိုက်ပေမဲ့ သူ့အရှိန်ကို သူမထိန်းနိုင်ခဲ့ပြန်ဘူး။
စောစောကသူဖြတ်လာခဲ့တဲ့ထင်းရှူးတောတွေအရောက်မှာတော့ ထင်းရှူးပင်ကြီးတွေရဲ့ မရပ်မနားတားဆီးခြင်းကိုခံရပြီး သန်မာလွန်းတဲ့ ထင်းရှူးပင်တွေကြားမှာ ခေါင်းငိုက်စိုက်နဲ့ညပ်နေမိရက်သားဖြစ်နေပြီ။သူကြိုးစားပြီးရုန်းကြည့်သေးတယ် တုပ်တုပ်တောင်သူမလှုပ်နိုင်တော့ဘူး။
စိုးရိမ်ကြောင့်ကြတဲ့စိတ်နဲ့သူ့ရဲ့နီတျာကြယ်လေးကို သူပြန်ရှာကြည့်တော့ မြောက်အရပ်ကောင်းကင်မှာ တလက်လက်လင်းနေတဲ့ကြယ်နီလေးကို တွေ့တော့မှ သက်ပြင်းရှည်ချပြီး တိတ်တစိတ်ငေးကြည့်နေမိတယ်။
သူ့အနားတဝိုက်မှာတော့ အော်ဟစ်ငိုကြွေးသံတွေ နာကျင်စွာငြီးတွားသံတွေနဲ့ ဆူညံလို့နေတယ်။အနီရောင်ပျစ်ပျစ်စေးထန်းနေတဲ့အရည်တွေက မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဟိုတကွက်ဒီတကွက်ပြန့်ကျဲလို့နေတာကို သူတွေ့တယ်စိမ်းရွှင်ရွှင်ညှိနံ့ကိုလည်းသူရတယ်။
သွားနေကြသံသရာလျှောက်လမ်းကနေသူဆင်းလာချိန်ကနေစပြီး သူ့မှာပျော်ရွှင်ခြင်းတေးသွားတွေရုတ်တရက်ဆိတ်သုဉ်းလို့သွားတာကို အခုမှ သူသတိထားမိတယ်။
"ငါဟာ ပျော်ရွှင်ခြင်းရထားပဲ ဘာကြောင့် ငါရဲ့ပျော်ရွှင်ခြင်းဝိညာဉ်ပျောက်ဆုံးသွားရတာလည်း လို့သူတွေးရင်းစဉ်းစားနေပေမဲ့ သေချာတဲ့အဖြေသူ့မှာရှိမနေဘူး။

အနားက အနိဌာရုံတွေကိုတခုမှ သူဂရုမစိုက်ပါဘူး ညအမှောင်ထုအောက်မှာ တုံးလုံးပက်လက်လှဲနေရင်း အရွက်ချွန်ထင်းရှုးပင်တွေကြားကနေ ကြယ်နီလေးကိုဒီအတိုင်းပဲ ငေးကြည့်ရင်းသူကျေနပ်လို့နေပြန်တယ်။
ပျော်ရွှင်ခြင်းရထားဟာ တိတ်တဆိတ်ပဲ ကြယ်နီတျာလေးကိုငေးနေရင်း တချက်တချက်အိပ်ငိုက်လာတယ် ရုတ်တရက်သူပြန်နိုးလာချိန်မှာ တဖြေးဖြေးမှေးမှိန်သွားတဲ့ကြယ်နီလေးကိုစိုက်ကြည့်နေရင်း ပတ်ဝန်းကျင်ကိုတချက်ကြည့်လိုက်တော့မှ အရှေ့ဖက်တောင်တန်းတွေစီက လိမ္မော်ရောင်သန်းနေတဲ့ရောင်ခြည်တွေကြောင့် မကြာခင်နေထွက်တာမှာပဲလို့တွေးပြီး သူ့ရဲ့နီတျာကြယ်လေးပျောက်သွားမှာကို စိုးရိမ်နေမိတော့တယ်။
​တောင်ပေါ်မြို့လေးရဲ့အခြေက ထင်းရှူးတောအုပ်ထဲက သူ့အဖြစ်ကိုသူမေ့လျော့ရင်း သူရဲ့ပျော်ရွှင်ခြင်းတေးသွားကိုလည်းသူမေ့လျော့လို့နေတယ်။
ဒီအချိန်သူ့အသိမှာ ကြယ်နီလေးပျောက်ကွယ်သွားမှာကိုစိုးရိမ်နေမှူတခုတည်းရှိတော့တယ်။
သူ့အနားကိုရောက်လာတဲ့ အရေးပေါ်ကားတွေရဲ့ဆူညံသံကိုလည်း မကြားသလို အော်ဟစ်နေကြသူတွေရဲ့အသံကိုလည်းသူဂရုမစိုက်နိုင်တော့ဘူး။
ပူလောင်တဲ့နေရောင်အောက်မှာ တနေ့ကုန်မလှုပ်မရက်နေနေရမှာကိုတွေးရင်းသူတုန်လှုပ်နေတယ်။
သူ့ဘဝတခုလုံးဒီတောင်ခြေမှာပဲ အဆုံးသတ်ရတော့မယ် မကြာခင် တစစီအဖြုတ်ခံရတော့မဲ့သူ့ခန္ဓာကိုယ်ကြီးကိုလည်း သူတွေးပူမနေဘူး။နေလုံးကြီးပျောက်ကွယ်သွားမဲ့ညနေရောက်ရင် အမှောင်ထုထဲကထွက်လာမဲ့ နီတျာကြယ်လေးကိုပဲ သူမျှော်လင့်ရင်း
နှစ်သိမ့်တေးကို တနေကုန်သီကျူးနေတော့တယ်။

#မောင်ဇိုဖေ
ဇွန်/၁၈/၂၀၁၈
ဒီဇင်ဘာ/၁၂/၂၀၂၃

Want your public figure to be the top-listed Public Figure in Indianapolis?
Click here to claim your Sponsored Listing.

Category

Telephone

Address


Louise Drive
Indianapolis, IN
46217