Read & Reflect
Self-care အတွက် အထောက်အပံ့ဖြစ်မယ့် ခရီးလမ်းတခု =📚
02/20/2026
“Let Them Theory” အပိုင်း(၃)
လေယာဉ်ပေါ်မှာ နောက်ခုံကလူ တဟွတ်ဟွတ်နဲ့ ပါးစပ်မပိတ်ပဲ ချောင်းတွေဆိုးနေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ?
စိတ်တိုမယ်၊ ရောဂါကူးမှာစိုးရိမ်မယ်၊ နေမကောင်းဖြစ်ရင် အလုပ်တွေပျက်မယ်၊ အလုပ်လည်းအာရုံစိုက်မရတော့ဘဲ တစ်လမ်းလုံး "ဒီလူကတော့ကွာ... လူမှုရေးကိုမရှိဘူး" ဆိုပြီး ကျိန်ဆဲနေမိမှာပဲမလား။
ဒါပေမဲ့ ဒီ chapter ကပေးတဲ့ "Let Them" (သူတို့ဖြစ်ချင်သလို လွှတ်ထားလိုက်) ဆိုတာနဲ့ စိတ်ကိုဘယ်လိုပြန်ပြင်ကြမလဲ??
✨ ၁။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာကို လက်လွှတ်လိုက်ပါ
အဲဒီလူ ချောင်းဆိုးတာကို သွားတားလို့မရဘူးလေနော်။ သူလည်း ဘယ်ဆိုးချင်ပါ့မလဲ ထိန်းချုပ်လို့မှမရတာ။ အဲဒီတော့ ဘာလုပ်မလဲ "သူ ချောင်းဆိုးပါစေ... လွှတ်ထားလိုက်ပါ (Let Him Cough)"။
အဲဒီအတွက် ရွေးချယ်စရာ (၂) လမ်းပဲရှိတယ်။
* တစ်လမ်းလုံး စိတ်တိုပြီး အင်အားတွေအကုန်ခံမလား?
* ဒါမှမဟုတ် သူဖြစ်နေတာကို လက်ခံပြီး ကိုယ့်ဘက်က ဘာလုပ်နိုင်မလဲဆိုတာကိုပဲ အာရုံစိုက်မလား?
✨ ၂။ ကိုယ့်ရဲ့တုံ့ပြန်မှုကိုပဲ ကိုယ်တိုင်ပိုင်စိုးပါ
"Let Them" လို့ ပြောလိုက်တာနဲ့ ဦးနှောက်ရဲ့ Survival Mode ကနေ ငြိမ်းချမ်းတဲ့အခြေအနေကို ချက်ချင်းရောက်သွားပါတယ်။
ချောင်းဆိုးနေတဲ့လူကို စိတ်တိုမယ့်အစား...
* ကိုယ့်ရဲ့ပဝါလေးနဲ့ နှာခေါင်းကို အုပ်လိုက်မယ်။
* နားကြပ်တပ်ပြီး သီချင်းသံကို မြှင့်လိုက်မယ်။
* ကိုယ့်အလုပ်ကိုကိုယ်အေးဆေးပြန်လုပ်မယ်။
"ပြဿနာက အဲ့ဒီမှာတင် ပြီးသွားပါတယ်"
✨ ၃။ စိတ်ချမ်းသာမှုကို သူတစ်ပါးလက်ထဲ မထည့်ပါနဲ့
သူတစ်ပါးအပေါ် စိတ်တိုနေရတာဟာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ စွမ်းအင် တွေကို သူတို့လက်ထဲ ထိုးအပ်နေတာနဲ့ အတူတူပါပဲ။ လေယာဉ်ပေါ်ကဆင်းသွားရင်တောင် အိမ်ရောက်တဲ့အထိ အဲဒီလူအကြောင်း ပြောမဆုံးဘဲ စိတ်တိုနေမယ်ဆိုရင် နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာကို အလဟဿ ဖြုန်းတီးပစ်လိုက်တာပါပဲ။
"ဘယ်သူကမှ ကိုယ်ပိုင်ငြိမ်းချမ်းမှုကို မဖျက်ဆီးနိုင်ဘူးဆိုတဲ့ ယုံကြည်ချက်ရှိလာတဲ့အခါ ပိုပြီးတော့ ပျော်ရွှင်လာပါလိမ့်မယ်"
အပိုင်း၄ ကို မနက်ဖြန်မှာ ဆက်တင်ပါမယ် စာဖတ်ရတာအရမ်းရှည်သွားရင် ပျင်းစရာကောင်းသွားလို့
ကိုယ်လဲအလုပ်တဖက်ဆိုတော့ အများကြီးထိုင်ပြီးမရေးနိုင်ဘူးရယ် 🤣😂
📸 crd
02/20/2026
- အပိုင်း(၂)
အပိုင်း (၁) မှာ "Let Them" ဘာလဲဆိုတာကို သိခဲ့ပြီးပြီ။ ဒါပေမဲ့ တကယ် လက်တွေ့မှာတော့နဲနဲလေးခက်ခဲလိမ့်မယ်။
တစ်ဖက်လူကို လိုက်ပြီး ပုံသွင်းနေတာ၊ “ဒါလုပ် ဒါမလုပ်နဲ့”လို့ လိုက်ညွှန်ကြားနေတာတွေဟာ သူတို့အပေါ် စေတနာထားတယ်ဆိုတာထက် “ကိုယ့်ရဲ့ စိုးရိမ်စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ" ဖြစ်တယ်။ ဥပမာ - ကိုယ့်ချစ်သူ၊ ကိုယ့်သားသမီး ဒါမှမဟုတ် ကိုယ့်လုပ်ဖော်ကိုင်ဖက်က ကိုယ်ဖြစ်စေချင်တဲ့ လမ်းကြောင်းအတိုင်း မသွားရင် တစ်ခုခု မှားယွင်းသွားတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်က အတင်းအကျပ် လိုက်ထိန်းခိုင်းနေတာပါ။ ကိုယ့်ဘက်ကအတင်းလိုက်ထိန်းလေလေ၊ တစ်ဖက်လူနဲ့ ကိုယ့်ကြားမှာ တင်းမာမှုတွေ ဖြစ်လာလေလေပါပဲ။
အဲဒီတော့ ဒီအပိုင်း(၂) မှာ Mel က…
၁။ ကိုယ့်ရဲ့ စိုးရိမ်စိတ်ကို အရင်ဆုံး သတိပြုပါ
- ငါ ဘာကြောင့် သူ့ကို လိုက်ထိန်းချုပ်ချင်နေတာလဲ? ငါ ဘာကို ကြောက်နေတာလဲ? လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။
၂။ လက်လွှတ်လိုက်ခြင်းဟာ အရှုံးပေးတာ မဟုတ်ပါဘူး
- လူတိုင်းမှာ ကိုယ်ပိုင်သင်ခန်းစာတွေ ရှိပါတယ်။ သူတို့ရဲ့ အမှားတွေကနေ သင်ယူခွင့် ပေးလိုက်ပါ။
၃။ ကိုယ့်ဘဝအတွက်ပဲ တာဝန်ယူပါ
- သူများတွေ ဘယ်လိုတွေးတယ်၊ ဘာလုပ်တယ်ဆိုတာထက် အဲဒီအပေါ်မှာ ကိုယ်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကမှကိုယ့်ရဲ့ တကယ့်စွမ်းအား (True Power) ဖြစ်ပါတယ်။
"သူတို့လျှောက်မယ့်လမ်းစိတ်ကြိုက်ရွေးခွင့် ပေးလိုက်ပါ (Let Them)" လို့ ပြောလိုက်တဲ့အခါ သင်ဟာ တခြားသူတွေကို လွတ်လပ်ခွင့် ပေးလိုက်တာတင် မဟုတ်ဘူး၊ သင့်ကိုယ်သင်လည်း စိုးရိမ်စိတ်တွေကနေ လွတ်မြောက်အောင် ကယ်တင်လိုက်တာဖြစ်ပါတယ်။
နောက်ဥပမာတခုကတော့ …
Mel ရဲ့ သူငယ်ချင်းတွေ အားလုံး စုပြီး တစ်နေရာကို ပျော်ပွဲစားခရီး ထွက်ကြတယ်။ ဒါပေမဲ့ Mel ကိုဘယ်သူမှ မခေါ်ကြဘူး။ နောက်နေ့ Social Media ပေါ်မှာ သူတို့တွေ အားလုံး တပျော်တပါး စုပြီး ရိုက်ထားတဲ့ပုံတွေ တက်လာတဲ့အခါ Mel ရင်ထဲမှာ ဆူးနဲ့ ထိုးလိုက်သလို ခံစားလိုက်ရတယ်။
"ငါ့ကို ဘာလို့ မေ့နေကြတာလဲ?" "ငါက သူတို့အတွက် အရေးမပါဘူးလား?" ဆိုတဲ့ အတွေးတွေနဲ့အတူ စိတ်ဓာတ်တွေကျ ဒေါသတွေထွက်သွားခဲ့တယ်။
ကိုယ်တွေဆိုလဲ ဒီလိုပဲ ဖြစ်မှာပဲလေနော် 🥹
ကိုယ့်ကို ချန်ထားခဲ့တာ သိလိုက်ရတဲ့အချိန်မှာ ဒေါသထွက်မယ်၊ စိတ်ဆိုးမယ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေရဲ့ Group Chat ထဲမှာ စာသွားပို့ပြီး ရန်တွေ့ချင်စိတ်တွေ ပေါ်လာမယ်။
ဒါပေမဲ့ Mel က ဒီနေရာမှာ "Let Them" ကို သုံးလိုက်ပါတယ်။
"Let them go on the trip without me." (ငါ့ကို မခေါ်ဘဲ သူတို့ဘာသာ သွားပါစေ။)🙂
လူတွေက သင့်ကို ပစ်ပယ်ဖို့ တမင်ရည်ရွယ်တာမျိုး မဟုတ်ရင်တောင်၊ သူတို့မှာ ကိုယ်စီ အကြောင်းပြချက်တွေ ရှိနိုင်တယ်။ အဲဒီအတွက် သင်က လိုက်ပြီး အဖြေတောင်းနေတာ၊ စိတ်ဆိုးနေတာဟာ ကိုယ်ပိုင်စွမ်းအင်တွေကို အလကား ဖြုန်းတီးပစ်တာပါပဲ။
Let them နဲ့အတူ Mel က "Let Me" ကိုပါ တွဲသုံးလိုက်တယ်။
* Let me heal: ငါ့ကို ငါ ကုမယ်။ သူတို့ မခေါ်လို့ ဝမ်းနည်းနေမယ့်အစား၊ ငါ့ရဲ့ အချိန်တွေကို ပိုတန်ဖိုးရှိအောင် သုံးမယ်။💪
* Let me find my peace: ငါ့ရဲ့ ပျော်ရွှင်မှုကို ငါဘာသာငါရှာမယ်။ ✨🤩
ဒီသင်ခန်းစာက ပေးချင်တဲ့ Message က တစ်ဖက်လူက ကိုယ့်ကို မခေါ်လို့ Exclusive ဖြစ်သွားတဲ့အခါ၊ အဲဒါကို လက်ခံလိုက်ပါ။ သူတို့ကို သူတို့လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်ခြင်းက သင့်ကို သင် ပြန်ပြီး တန်ဖိုးထား (Self-Value) တတ်လာအောင် သင်ပေးတာပါ။ အတင်းအကျပ် တောင်းဆိုလို့ရလာတဲ့ အရာတစ်ခုဟာ သင့်အတွက် ဘယ်တော့မှ စိတ်ချမ်းသာစရာ ဖြစ်လာမှာ မဟုတ်ပါဘူး။
"သူတို့ သွားချင်သလို သွားပါစေ (Let Them)" လို့ လွှတ်ချလိုက်တဲ့အခါ၊ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ကိုယ်တိုင် ထိန်းချုပ်နိုင်သူ ဖြစ်လာပါလိမ့်မယ်။ 🌿✨
02/20/2026
ခုဖတ်နေတဲ့ စာအုပ်လေးက 5 second rule နဲ့ High 5 habit မှာထဲက အရမ်းသဘောကျရတဲ့ စာရေးဆရာမ Mel Robbins ရဲ့ let them theory ဆိုတဲ့စာအုပ်လေးပါ။
သူ့အရေးအသားတွေက လက်တွေ့ဆန်တယ်။ သူကိုယ်တိုင်လဲ ဘဝမှာ ကျဆုံးမှုပေါင်းများစွာကနေ ရုန်းထွက်နိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် သူ့ဘဝအကြောင်းတွေးတာနဲ့တင် ခွန်အားတွေဖြစ်စေတယ်။
ဒီစာအုပ်လေးရဲ့ chapter 1 ကတော့ စာအုပ်ခေါင်းစဉ်ဖြစ်တဲ့ Let them theory အကြောင်းကို ရှင်းပြထားတာလေးပါ။
Let them (သူတို့လုပ်ချင်တာလုပ်ပါစေ)
ကိုယ်တွေတနေ့တာဖြတ်သန်းတဲ့အထဲမှာ စိတ်ပင်ပန်စေတဲ့၈၀% လောက်က ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့အရာတွေကိုထိန်းချုပ်ဖို့လိုက်ကြိုးစားနေလို့ပါတဲ့။
“သူများတွေငါ့အပေါ်ဘယ်လိုထင်နေလဲ၊ဘယ်လိုမြင်နေမလဲ၊ သူတို့ဘာတွေလုပ်နေမလဲ၊
ဘာလို့ငါ့စကားနားမထောင်ကြတာလဲဆိုပြီး
လိုက်ပူလောင်နေတာဟာ နံရံကိုလက်သီးနဲ့ထိုးနေသလိုပဲတဲ့၊ နံရံကမပြိုပဲ ကိုယ့်လက်တော့နာသွားတယ်။ ဒါကလဲ လူသားတိုင်းရဲ့ အခြေခံဗီဇတခုဆိုတော့ ပြင်ဖို့နဲနဲခက်သား။
✨ "Let Them" Theory ဆိုတာ ဘာလဲ?
သူငယ်ချင်းတွေက မင်းကို ချန်ထားခဲ့ပြီး အပြင်သွားချင်လား? "Let them" (သွားပါစေ)။
သူများတွေက မင်းမကောင်းကြောင်းပြောနေကြလား "Let them" (ပြောပါစေ)။
ကိုယ်ချစ်တဲ့သူက ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာဘူးလား? "Let them" (သူနေချင်သလို နေပါစေ)။
ဒီနေရာမှာ တစ်ခုသတိထားရမှာက "Let Them" ဆိုတာ လက်လျှော့အရှုံးပေးတာ မဟုတ်ပါဘူး။
တပါးသူရဲ့ လုပ်ရပ်၊ အတွေးအခေါ်နဲ့ ခံစားချက်တွေကို လိုက်ပြောင်းလဲဖို့ ကြိုးစားနေမယ့်အစား “ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့" ပဲ အသုံးချလိုက်တာပါ။
ဒီစာအုပ်ရဲ့ နောက်ပိုင်းမှာ - "Let Me” ဆိုတဲ့အကြောင်းလေးပါ ပြောထားသေးတယ်။
“Let Them" (သူတို့စိတ်ကြိုက်လုပ်ပါစေ) လို့ ခွင့်ပြုလိုက်ပြီးပြီဆိုရင်၊ နောက်တစ်ဆင့်က "Let Me" (ငါ့စိတ်ကြိုက်ပျော်သလိုနေမယ်) ဆိုတဲ့ အကြောင်းပါ။
* သူတို့က မင်းကို ဂရုမစိုက်ရင်၊ မင်းက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လိုက်ပါ။
* သူတို့က မင်းကို အသိအမှတ်မပြုရင်၊ မင်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလိုက်ပါ။
ကိုယ်ထိန်းချုပ်လို့ရတာဟာ "ကိုယ့်ရဲ့ အတွေး၊ ကိုယ့်ရဲ့ လုပ်ရပ်နဲ့ ကိုယ့်ရဲ့ ခံစားချက်" ဒီသုံးခုပဲ ရှိပါတယ်။ ကျန်တဲ့အရာအားလုံးကိုတော့ "Let them" လို့လွှတ်ချလိုက်ပါ။ အဲလို လွှတ်ချလိုက်တဲ့အခါ ဘဝမှာ တကယ့်လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို သိသိသာသာခံစားလာရပါတယ်။
မထိန်းချုပ်နိုင်တာတွေကို လိုက်ထိန်းချုပ်ရင်း ဘဝကို အပင်ပန်းမခံပါနဲ့ 😊
01/13/2026
ဘဝသစ်တစ်ခုအတွက်
အုတ်မြစ်ချခြင်းလို့ ခေါင်းစဉ်တပ်ပါရစေ။
ကျွန်မတို့ဟာ
အခက်အခဲတွေနဲ့ ကြုံလာရတဲ့အခါ
ဒါကြီးမြန်မြန်ပြီးသွားရင်
ကောင်းမှာပဲလို့တွေးတတ်ကြပါတယ်။
ဒါပေမဲ့ တကယ်တော့ ဒီအခက်အခဲဟာ
ကျွန်မတို့ကို ဒုက္ခပေးဖို့သက်သက်
ရောက်လာတာမဟုတ်ဘဲ၊
ကျွန်မတို့ရဲ့ ပုံစံဟောင်းတွေကို
ဖျက်ဆီးပြီး ပိုကောင်းတဲ့
ပုံစံသစ်တစ်ခုနဲ့
ပြန်လည်တည်ဆောက်ဖို့
အခွင့်အရေးပေးတာပါ။
စာရေးသူက စိတ်ဝင်စားစရာကောင်းတဲ့
အချက်တစ်ခုကို ထောက်ပြထားပါတယ်။
အဲဒါကကျတာ့ကျွန်မတို့ရဲ့
စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ
ထည့်ထားတတ်တဲ့ ခွက်တစ်ခု
ရှိနေသလိုပါပဲတဲ့။
ပြဿနာတစ်ခုပြီးသွားရင်တောင်
စိုးရိမ်ရတဲ့အကျင့်က ပါနေတော့
နောက်ထပ် ပြဿနာအသစ်တစ်ခုကို
အဲဒီခွက်ထဲ ပြန်ရှာထည့်တတ်ကြပါတယ်တဲ့။
ဒါကြောင့် အခက်အခဲတွေကို
ကျော်လွှားရုံတင်မကဘဲ
အဲဒီ စိုးရိမ်တတ်တဲ့ "စိတ်ခွက်" ကိုပါ
ရိုက်ခွဲပစ်ဖို့ လိုပါတယ်တဲ့။
အခု ကျွန်မတို့ဖြတ်သန်းနေရတဲ့အချိန်ဟာ အလဟဿ ဖြစ်နေတာမဟုတ်ပါဘူး။
ဘဝအတွက် မလိုအပ်တဲ့
အပင်အိုတွေကို ရှင်းလင်းပြီး
မျိုးစေ့အသစ်တွေ စိုက်ပျိုးဖို့
ပြင်ဆင်နေတဲ့ အချိန်ပါ။
တစ်နေ့ကျရင်
အခုသင်ပူပန်နေတဲ့အရာကို
နောက်ဆုံးအကြိမ်အဖြစ်
တွေးမိပြီး အလိုလို
လက်လွှတ်ရသွားပါလိမ့်မယ်။
အဲဒီအချိန်ကျရင်
သင်ဟာ အရင်ကထက်ပိုမိုပြည့်စုံတဲ့
လူတစ်ယောက် ဖြစ်နေပါပြီ။
သည်းခံရုံတင် မဟုတ်ဘဲ၊
ဒီအခက်အခဲကနေတစ်ဆင့်
သင့်ကိုယ်သင် အဆင့်မြှင့်တင်လိုက်ပါဆိုပြီး
ဒီစာပိုဒ်လေးထဲမှာ အားပေးထားပါတယ်။
#စိတ်ခွန်အား #စိတ်ခွန်အားဖြည့်စာစုများ #ဘဝခွန်အား
01/11/2026
ဒီအပိုင်းလေးကတော့ ‘Read this when you don’t understand how something that once seemed so meant for you turned out so wrong တဲ့
တစ်ခါတလေမှာ
ကိုယ့်အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးလို့
သတ်မှတ်ထားခဲ့တဲ့ အရာတွေ၊ လူတွေကို
ရုတ်တရက် လက်လွှတ်ခဲ့ရတဲ့အခါ
ကျွန်မတို့ အတော်လေး
စိတ်ထိခိုက်ရတတ်ပါတယ်။
ငါ့အမှားကြောင့်လား
ငါ့ဆုံးဖြတ်ချက်တွေ လွဲနေပြီလားလို့
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတတ်ကြတယ်။
ဒါပေမဲ့ ဒီစာအုပ်လေးပေးချင်တဲ့ မက်ဆေ့ခ်ျကတော့
လောကမှာ ဘယ်အတွေ့အကြုံမှ
အလဟဿ မဖြစ်ပါဘူး။
ကိုယ့်အတွက် "မှန်ကန်တယ်" ဆိုတဲ့အရာတွေက တစ်သက်လုံး တည်မြဲနေဖို့ မဟုတ်ဘဲ၊
ကိုယ့်ရဲ့ ဘဝကဏ္ဍတစ်ခုမှာ
အတူတူ ကြီးပြင်းရှင်သန်ဖို့ပဲ ဖြစ်ပါတယ်။
အရာတစ်ခုကို
လက်လွှတ်လိုက်ရတာဟာ
ရှုံးနိမ့်တာမဟုတ်ဘဲ
အဲဒီနေရာထက်
ပိုကြီးမားတဲ့ ရှင်သန်မှုမျိုးကို
ကိုယ်ကဦးတည်နေတာလို့ ဆိုလိုတာပါ။
ချစ်ခြင်းမေတ္တာရဲ့ နောက်ဆုံးလုပ်ရပ်ဆိုတာ
ကိုယ်နဲ့မကိုက်ညီတော့တဲ့ အရာတွေကို လွတ်လပ်ခွင့်ပေးလိုက်ပြီး၊
ကိုယ့်အတွက် တကယ်စောင့်ကြိုနေတဲ့
ဘဝသစ်ဆီကို လှမ်းတက်လိုက်ခြင်းပါပဲ။
“ဆုတ်နှစ်လှမ်း၊ တက်တစ်လှမ်း” ဖြစ်နေပါစေ...
ဒါဟာ ဘဝဆိုတဲ့ ကခုန်ခြင်းရဲ့
အစိတ်အပိုင်းတစ်ခုပါပဲ။
သင်အတွက်အကောင်းဆုံးဆိုတဲ့သူ
ဖြစ်လာဖို့အတွက်
အခုရောက်နေတဲ့နေရာဟာ
အသင့်တော်ဆုံးနေရာပဲဆိုတာ
Brianna Wiest က သတိပေးသွားပါသေးတယ် ♥️🫶
#မြန်မာ
01/11/2026
Read this when you don’t yet have the life you wantတဲ့
📖 လှပတဲ့ဘဝတစ်ခုကို တည်ဆောက်ခြင်းအတတ်ပညာလို့ပဲ နာမည်ပေးချင်ပါတယ် ♥️🫶
ကျွန်မတို့ဟာ တစ်နေ့နေ့
"ပြီးပြည့်စုံတဲ့ဘဝ" ဆိုတာကြီးကို
မတော်တဆ လမ်းကြုံတွေ့မလားဆိုပြီး
စောင့်မျှော်ရင်း အချိန်ကုန်ဆုံးစေတတ်ကြပါတယ်။
ဒါပေမဲ့ Brianna Wiest ရဲ့ ဒီစာသားလေးတွေက ကျွန်မကို အမှန်တရားတစ်ခုအသိပေးသွားပါတယ်။ အဲဒါကတော့
"လှပတဲ့ဘဝဆိုတာ ရှာဖွေတွေ့ရှိရတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်တည်ဆောက်ယူရတာမျိုး" ဆိုတာပါပဲ။
ဘဝဆိုတာ
ကိုယ်တန်ဖိုးထားတဲ့အရာတွေအတွက်
အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း တည်ဆောက်ယူရတာပါ။
ကိုယ့်ကိုရှိရင်းစွဲအတိုင်း ချစ်ပေးရုံတင်မကဘဲ
ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာအောင်
တွန်းအားပေးနိုင်တဲ့သူ၊ နောက်ဆုံးအချိန်အထိ လက်တွဲမဖြုတ်မယ့်သူမျိုးနဲ့
ဆုံဆည်းရတာဟာလည်း
ဘဝရဲ့အလှတရားတခုပါပဲ။
တကယ်တော့ ဘဝကိုဖန်တီးနိုင်တဲ့
စွမ်းအားဆိုတာ
အဝေးကြီးမှာရှိနေတာမဟုတ်ပါဘူး။
အတိတ်က နောင်တတွေ
ဒါမှမဟုတ် အနာဂတ်က
စိုးရိမ်ပူပန်မှုတွေထဲမှာ
အချိန်ဖြုန်းနေမယ့်အစား
“လက်ရှိပစ္စုပ္ပန်" ထဲမှာပဲ
ကြိုးစားရှင်သန်ဖို့ လိုပါတယ်။
ပျော်ရွှင်မှုဆိုတာ အပေါ်ယံအမြင်
ဘယ်လောက်ခမ်းနားသလဲဆိုတာထက်
ကိုယ့်ရဲ့နေ့ရက်တွေထဲမှာ
ကိုယ့်နှလုံးသားကို ဘယ်လောက်အထိ
ရင်းနှီးမြှုပ်နှံထားသလဲဆိုတာပေါ်မှာပဲ
မူတည်ပါတယ်။
ဒါကြောင့်ကိုယ်ဖြစ်ချင်တဲ့ ဘဝကိုထိုင်စောင့်မနေပါနဲ့။
အခုချိန်ကစပြီး လက်တွေ့တည်ဆောက်ကြစို့နော် ❤️
01/11/2026
ကိုယ့်အပေါ်မကောင်းကြံတဲ့သူတွေကို
အေးချမ်းစွာနဲ့ ဘယ်လိုအနိုင်ယူကြမလဲ✨
လူအချို့က ဘာကြောင့် ဒီလောက်တောင် ရက်စက်ကြမ်းတမ်းနေကြတာလဲလို့ သင်တွေးဖူးသလား?
တကယ်တော့ တစ်စုံတစ်ယောက်က
သင့်အပေါ် မကောင်းတာဟာ
သင်မကောင်းလို့မဟုတ်ဘဲ
သူတို့ကိုယ်တိုင်ရဲ့ "စိတ်ဒဏ်ရာ" တွေကို
ထုတ်ပြနေတာပဲ ဖြစ်တယ်။
လူတွေဟာ သူတို့ကို အတိတ်မှာ
နာကျင်အောင်လုပ်ခဲ့တဲ့သူတွေရဲ့
ပုံစံအတိုင်း ပြန်ဖြစ်သွားတတ်ကြတယ်။
သူတို့ရဲ့ ရိုင်းစိုင်းမှုတွေဟာ
တကယ်တော့ သူတို့ကိုယ်သူတို့
ကြောက်စိတ်တွေနဲ့ ပိတ်လှောင်ထားတဲ့
နံရံတွေပါပဲ။
သင်က စိတ်ထားကောင်းကောင်း၊
ပျော်ပျော်ရွှင်ရွှင် နေတာကိုမြင်တဲ့အခါ
သူတို့ရဲ့ရင်ထဲက မပျောက်ကင်းသေးတဲ့
ဒဏ်ရာတွေကို သွားပွတ်တိုက်သလို
ဖြစ်စေတယ်လေ။
ဒီ section ရဲ့သင်ခန်းစာကတော့—
“သင်က သူတို့ကို ပြန်ပြီးဒေါသထွက်လိုက်တာနဲ့
သူတို့ရဲ့ ကစားကွက်ထဲ ရောက်သွားပြီ" ဆိုတာပါပဲ။ သူတို့ရဲ့ ခါးသီးမှုတွေနဲ့ သင့်ရဲ့ နူးညံ့မှုတွေကို
ရောထွေးခွင့်မပြုလိုက်ပါနဲ့။
သင့်အပေါ် မကောင်းတဲ့သူကို
သင်က ကောင်းပြဖို့ တာဝန်မရှိပေမယ့်၊
သင့်ကိုယ်သင် စိတ်ချမ်းသာအောင်ထားဖို့တော့ သင့်မှာ တာဝန်အပြည့်ရှိပါတယ်။
လူတချို့က ကျွန်ုပ်တို့ဘဝထဲကို
လမ်းပြဖို့ ရောက်လာတတ်သလို၊
တချို့ကတော့
"ငါ သူတို့လို လူစားမျိုး လုံးဝမဖြစ်စေရဘူး" ဆိုတဲ့ သင်ခန်းစာပေးဖို့ ရောက်လာကြတာပါ။
သူတို့ရဲ့ ညစ်ညမ်းတဲ့ စိတ်တွေကို
ကိုယ့်ပုခုံးပေါ် ထမ်းမတင်ပါနဲ့။
ကိုယ့်ရဲ့ ငြိမ်းချမ်းရေးကိုပဲ
ကိုယ်တိုင်စိတ်ကြိုက်တည်ဆောက်ရယူပါ။
01/08/2026
အနာဂတ်ရည်မှန်းချက်တွေအတွက်
ကြိုးကြိုးစားစားလုပ်နေပေမယ့်
အရာအားလုံး မချောမွေ့သေးဘူး၊
စီးပွားရေး၊ အလုပ်အကိုင်၊ ငွေကြေးကိစ္စတွေမှာ
တိုးတက်မှု မမြင်ရသေးဘူးလို့ ခံစားနေရရင်
ဒါဟာ မအောင်မြင်ဘူး၊ ကြိုးစားမှုအရာမရောက်ဘူးဆိုတဲ့သဘောမဟုတ်ပါဘူးနော််။
လက်ရှိအခြေအနေကနေ
အမြင်၊ အတွေးအခေါ်တွေ
ပိုကျယ်ပြန့်လာပြီး
ပိုကြီးမားတဲ့ အနာဂတ်ကို
လိုလားလာပြီဆိုတဲ့ လက္ခဏာပါ။
စိတ်ပင်ပန်းမှုတွေ၊ စိတ်ပျက်စရာတွေ၊
အလုပ်အကိုင်မှာ ရပ်တန့်နေသလို ခံစားရတဲ့ အချိန်တွေဟာ
ဘဝကို ဖျက်ဆီးနေတာ မဟုတ်ပါဘူး။
အနာဂတ်အတွက် လိုအပ်တဲ့ အတွေးအခေါ်၊
စည်းကမ်းတွေ၊ ဆုံးဖြတ်ချက်တွေကို
တဖြည်းဖြည်း ပုံဖော်ပေးနေတဲ့
အဆင့်တစ်ခုသာ ဖြစ်ပါတယ်။
အရင်လို
“ဒီလောက်ရရင်လုံလောက်ပြီ” လို့
ကိုယ့်ကိုကိုယ် မသတ်မှတ်တော့ပဲ
ကြီးမားတဲ့ ငွေကြေး၊အလုပ်အကိုင်နဲ့
ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက်
ပြင်ဆင်ပေးနေတဲ့ အချိန်တွေပါ။
ဒါကြောင့် ဒီနေ့ အတွက်
ခက်ခဲရုန်းကန်နေရတဲ့အချိန်တွေဟာ
မနက်ဖြန်အတွက် ပိုကောင်းတဲ့ အနာဂတ်လမ်းကို
လျှောက်နိုင်ဖို့ ခင်းပေးနေတဲ့လမ်းကြောင်းတခုလို့ယုံကြည်ပြီးဆက်လျှောက်ကြည့်ကြဖို့ ဒီစာအုပ်လေးထဲမှာ တွန်းအားပေးထားပါတယ်။ ♥️
ကိုယ်မက်နေတဲ့အိမ်မက်ခရီးတိုင်းကို ကံဥာဏ် ဝီရိပေါင်းစပ်ပြီး မလျော့သောဇွဲနဲ့ လျှောက်လှမ်းနိုင်ကြပါစေ 🤍🫶
#မြန်မာ
#မြန်မာ
12/25/2025
ဒီနေ့ ခေါင်းစဉ်လေးက
‘Read this when your heart is breaking and it feels like it will never heal’ - ‘အသဲကွဲတာက မင်းအတွက် ကုစားလို့မရတော့သလိုခံစားနေရရင် ဒီစာလေးဖတ်ပါ’တဲ့ 💔🔜❤️🩹🔜♥️
ဒီchapter လေးက ကျွန်မကို သတိလေးတခုပေးသွားတယ်။
“အသဲကွဲတယ်ဆိုတာ မချစ်တတ်လို့၊ ကိုယ့်ဘက်ကမှားယွင်းခဲ့လို၊ မချစ်သင့်သူကို ချစ်ခဲ့မိလို့မဟုတ်ဘူး၊
အရမ်းချစ်တတ်ခဲ့လို့၊ လူတစ်ယောက်ကို ရဲရဲဝင့်ဝင့်ချစ်ရဲခဲ့လို့၊ ချစ်ခြင်းဆိုတာ ကိုယ့်နှလုံးသားထဲမှာ တကယ်တည်ရှိခဲ့လို့”တဲ့
လူတချို့က ကိုယ့်နားမှာ အမြဲအတူနေချင်တဲ့သူတွေရှိသလို
တချို့ကျတော့ သင်ခန်းစာတွေ ပေးသွားကြတယ်- ပိုနူးညံ့ချစ်တတ်လာအောင်၊ ပိုရဲရင့်ပြတ်သားတတ်သွားအောင်၊ ကိုယ့်ကိုကိုယ့်ပိုချစ်တတ်အောင် နည်းမျိုးစုံသင်ပေးပြီး ထွက်သွားကြတယ်။
ဒီလိုထားခဲ့ခံရခြင်းတွေက
တကယ်တော့ ကိုယ့်တန်ဖိုးကို လျော့သွားစေတာမဟုတ်ဘူး။
ကိုယ့်အပြစ်ကြောင့်လဲမဟုတ်ဘူး။
ကိုယ့်ရဲ့စိတ်ကို ခုထက်ပိုတွေးခေါ်တတ်အောင် ပြတ်သားရဲအောင်၊ ကိုယ့်ကိုကိုယ် ပိုနားလည်နိုင်အောင် သင်ကြားပေးခြင်းသက်သက်ပဲတဲ့။
ဘာလို့လဲဆိုတော့ မင်းကိုယ်မင်းမှ သေချာမသိရင် မင်းရဲ့right person ဘယ်လိုလူဖြစ်မလဲဆိုတာ မင်းဘယ်လိုသိနိုင်မလဲ လေနော် 🤕
ဒီအသဲကွဲတာကို heal လုပ်ဖို့အဓိကလိုအပ်တာ နောက်ထပ်ပေါ်လာမယ့်အချစ်ကိုရှောင်ပြေးရမှာမဟုတ်သလို၊ ကိုယ့်ကိုကိုယ် အပြစ်တင်နေရင်လဲ ဘယ်တော့မှ heal ဖြစ်မှာမဟုတ်ဘူး။
အမှန်က ချစ်ဖို့အတွက် နှလုံးသားကို ဖွင့်ရဲခဲ့တဲ့၊ ချစ်နိုင်ခဲ့တဲ့ ကိုယ့်ရဲ့စိတ်လေးကို လေးစားတန်ဖိုးထားတတ်ခြင်းဖြစ်တယ်ဆိုတာ စာရေးဆရာက ဒီအပိုင်းလေးထဲမှာ သတိပေးသွားတယ်။
ဒါကြောင့် အသဲကွဲခြင်းကြောင့် ကိုယ်မပျက်စီးသွားဘူး၊ မကျိုးပဲ့သွားဘူး။
ကိုယ်က ပိုကောင်းတဲ့သူအဖြစ် အမှန်တကယ်ချစ်ရဲခဲ့တယ်ဆိုတာ သေချာမြင်ပြီး ကိုယ့်ကိုကိုယ်ပိုချစ်တတ်သွားဖို့ပဲလိုတာပါ 🤍
pausing here. more soon 🤍
12/25/2025
‘ The life that’s waiting’ by Brianna Wiest
ဒီစာအုပ်လေးဖတ်ရတာ ကိုယ့်ဘေးမှာ တစ်ယောက်ယောက်က ထိုင်ပြီး အဖော်ရှိနေပေးသလိုခံစားရတယ်။
"ငါ စိတ်သက်သာရာရတော့မှ၊ ငါ ပိုသန်မာလာမှ၊ ငါ ဒါလေးလုပ်ပြီးတော့မှ.." နောက်မှ.. နောက်မှ.. နားပါတော့မယ်လေဆိုပြီး ဘဝကို မနေမနားရုန်းကန်ခဲ့တဲ့အချိန်တွေ ဘယ်လောက်တောင်များနေပြီလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်သွားရတယ်။
ဒါပေမဲ့ ဘဝကြီးက ဘယ်လိုပဲနေနေ သူ့ဟာသူရှေ့ဆက်သွားနေတာမဟုတ်ကြောင်း ဒီစာအုပ်လေးက မီးမောင်းထိုးပြနေသလိုပဲရယ်။
အဓိကက ပစ္စုပ္ပန်မှာတင်နေရမယ်ဆိုတာကို သတိပေးထားတဲ့စာအုပ်လေးပါ ❤️
ကိုယ်စောင့်မျှော်နေတဲ့ဘဝက အဝေးကြီးမှာမဟုတ်ဘူး ..ကိုယ့်ရှေ့မှာလက်ရှိရောက်နေတဲ့ ‘ယခု-Now’ အချိန်လေးပဲဆိုတာ ဒါလေးဖတ်ပြီးရင် ရင်ထဲမှာ စွဲကျန်နေတော့မှာ 🤍
ဒီစာအုပ်လေးကို အပြီးထိ ဆက်ဖတ်ချင်တယ်ဆို တနေ့ကို section တခုအနေနဲ့ summary ဘာသာပြန်လေး တင်ပေးမှာမို့လို့ follow လေးလုပ်ထားလိုက်ပါနော် 🤍🩶📚
Click here to claim your Sponsored Listing.
Category
Website
Address
New York, NY